DVB Logo
Home
မြန်မာသတင်း
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ စျေးတက်နိုင်
DVB
·
October 19, 2022
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ စျေးတက်နိုင်
Donate to DVB

အိန္ဒိယနိုင်ငံမှာ ပဲလက်ကျန်နည်းပါးနေပြီး မြန်မာနိုင်ငံက အရည်အသွေးကောင်း မတ်ပဲတွေအပေါ် ဝယ်လိုအား တက်လာနိုင်တဲ့ အခြေအနေကြောင့်  မတ်ပဲစျေး မာလာနိုင်တယ်လို့ ပဲစျေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာ−အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲမရှိရင်၊ မြန်မာ့ငွေတန်ဖိုး အခုအတိုင်း ဆက်ရှိနေမယ်ဆိုရင် ပြည်တွင်းမတ်ပဲစျေး တက်လာဖို့ အလားအလာရှိတယ်လို့ သုံးသပ်ထားကြတာပါ။

မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံစျေးဟာ အဓိကဝယ်လက်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်မူတည်ပြီး စျေးနှုန်းအတက်အကျ ဖြစ်လေ့ရှိပါတယ်။ 

လက်ရှိမှာတော့ ပြည်တွင်းဒေါ်လာငွေလဲနှုန်း အတက်အကျပေါ်မူတည်ပြီး မတ်ပဲနဲ့ ပဲစင်းငုံစျေးက အတက်အကျ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပါတယ်။ ဒေါ်လာငွေလဲနှုန်း မတည်ငြိမ် ခန့်မှန်းရခက်တာကြောင့် အရောင်းအဝယ်ကိစ္စတွေလည်း နှောင့်နှေးနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက မတ်ပဲ (FAQ/RC) တတန်ကို ၂၁ သိန်း၊ ပဲစင်းငုံတတန်ကို ၂၁ သိန်းအထက်မှာ ရှိခဲ့ပေမဲ့ အခုလဆန်းပိုင်းမှာ မတ်ပဲတတန်ကို ၁၇ သိန်း ၈ သောင်း၊ ပဲစင်းငုံက ၁၉ သိန်း ၇ သောင်းဝန်းကျင်ထိ ပြန်ကျဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ မတ်ပဲတတန်စျေးက ၁၈ သိန်း ၂ သောင်းဝန်းကျင်ထိ ပြန်မြင့်တက်လာပြီး ပဲစင်းငုံကတော့ စျေးငြိမ်နေပါတယ်။

ဝယ်လက်အိန္ဒိယနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အခုနှစ် ပဲအထွက်နှုန်းနဲ့ အရည်အသွေး ကျဆင်းနေပြီး ပဲလိုအပ်ချက်များနေတာ၊ အိန္ဒိယက မတ်ပဲနဲ့ ပဲစင်းငုံ တင်သွင်းခွင့်ကို ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်အကုန် အကန့်အသတ်မဲ့ တင်သွင်းခွင့်ပြုထားတာ၊ ဒေါ်လာငွေတန်ဖိုး မြင့်တက်နေတာတွေကြောင့် မတ်ပဲစျေးက ‌ေရရှည်မှာ စျေးဆက်မာနေဉီးမယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့အကြား သဘောတူလက်မှတ်ထိုးထားတဲ့ MOU အရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း (စုစုပေါင်း ၃ သိန်းခွဲ) တင်သွင်းနိုင်မှာဖြစ်ပါတယ်။ ပဲစင်းငုံဈေးနှုန်းနဲ့ ပတ်သက်ပြီး အာဖရိကဘက်က ပဲစင်းငုံတွေ အဝင်များနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံဈေးနှုန်းလည်း အနည်းငယ် ငြိမ်သက်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းပဲအထွက်နှုန်းကလည်း သွင်းအားစု စျေးကြီးမြင့်သလို တချို့ဒေသတွေမှာ ပဋိပက္ခတွေကြောင့် ကောင်းကောင်းစိုက်ပျိုးနိုင်ခဲ့ခြင်းမရှိလို့ အထွက်နှုန်း လျော့ကျနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ပဲလိုအပ်ချက်ရှိနေပြီး မြန်မာ့မတ်ပဲ ဝယ်လိုအား တက်လာနိုင်ခြေရှိပေမဲ့ ပြည်ပပို့ကုန်ရငွေတွေအပေါ် ချမှတ်ထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ မူဝါဒ ကန့်သတ်ချက်က ပဲတင်ပို့ရာမှာ တွက်ခြေမကိုက်ဘဲ အဟန့်အတား ဖြစ်နေတယ်လို့ ကုန်သည်အများစုက ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့မှုကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေထဲက ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ မြန်မာငွေ မဖြစ်မနေ လဲလှယ်စေပြီး ၃၅ ရာခိုင်နှုန်းကိုသာ ဖြေလျှော့ပေးထားတာပါ။

အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်က‎နေ အောက်တိုဘာ ၇ ရက်နေ့အထိ ၆ လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၈ သိန်းကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၇ သိန်းဝန်းကျင်၊ နယ်စပ်ကနေ တန်ချိန် ၁ သိန်း ၄ သောင်းကျော် တင်ပို့ထားပြီး အဲဒီပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ  ၆၅၅ သန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို တန်ချိန် ၃ သိန်းကျော်အထိ အများဆုံး တင်ပို့ထားတာဖြစ်ပြီးတော့ မတ်ပဲတင်ပို့မှုက တန်ချိန် ၂ သိန်း ၆ သောင်းကျော်၊ ပဲစင်းငုံ တင်ပို့မှုကတော့ တန်ချိန် ၇ သောင်းဝန်းကျင်ရှိတယ်လို့ စီးပွား/ကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013