
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်က စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတယောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စနိုက်ပါ လက်ဖြောင့်တပ်သား လက်ချက်နဲ့ သေဆုံးသွားတယ်လို့ KNLA တပ်ဖွဲ့ထံကသိရပါတယ်။
မြဝတီမြို့တောင်ဘက် ညောင်ချောင်း(ခ)ခလဲ့ကလိုးအနီး ဒီနေ့မနက် ကျူးကျော်ထိုးစစ်ပြုလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ကာ စစ်ကောင်စီ တပ်မ ၄၄ ၊ ဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦးကို ရှင်းလင်းနိုင်ခဲ့တာလို့ စစ်မြေပြင် ရှေ့တန်းထွက်နေတဲ့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။
ကော့ကရိတ်မြို့အရှေ့ဘက် နှစ်မိုင်လောက်အကွာမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာမှာ ကော့ကရိတ်မြို့ရှိ နေပူခံကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ခရီးသည်ယာဉ်တန်းတွေ ထိမှန်ကာ ကားမှန်တွေ ကွဲသွားတာရှိတယ်လို့လည်း ခရီးသည်တွေထံက သိရပါတယ်။
လတ်တလော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ သွားလာနေတဲ့ မော်ယာဉ်ငယ်တွေနဲ့ ကုန်တင်ယာဉ်အကြီးတွေကို သွားလာခွင့်မပေးဘဲ ယာယီလမ်းပိတ်ထားပြီး စစ်ကောင်စီတပ်တွေ ကင်းလှည့်နေတယ်လို့ သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ခရီးသည်တင်ယာဉ်နဲ့ ယာဉ်ငယ် ယာဉ်ကြီးတွေ မသွားလာနိုင်ဖို့ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီမှာ ပိတ်လိုက်ပြီလို့ KNLA တပ်မှူးတစ်ဦးက အတည်ပြုပြောပါတယ်။
မြဝတီမြို့တောင်ဘက် စစ်ဘေးရှောင် ပြန်လည်နေရာချထားရေးနဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ် မြို့သစ်တည်ထားတဲ့ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက စတင်ကျူးကျော်ဝင်ရောက်ပြီးနောက် ဒီဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
လတ်တလော စစ်ကောင်စီတပ်တွေက မြဝတီမြို့နဲ့ ဝေါလေမြိုင်အထိ နယ်မြေကျူးကျော် စိုးမိုး နေရာယူဖို့ ကြိုးစားနေရာမှာ ဒေသခံ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးတာ၊ ထွက်ပြေးတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေလည်း မကြာခဏရှိနေပါတယ်။