DVB Logo
Home
Lead Story
ကြင်စိုး ဂိုးတော့မည် (သရော်စာ)
DVB
·
October 18, 2022
ကြင်စိုး ဂိုးတော့မည် (သရော်စာ)
Donate to DVB

အဘစောမူးသာတို့ခြံထဲက ကွပ်ပျစ်ပေါ်မှာ နံနက်ချိန်ခါ သံစာစာ ရေနွေးကြမ်းဝိုင်းပေါ့ဗျာ။ အဘစောမူးသာရယ်၊ အဘသိမ်းမောင်ရယ်၊ စစ်ပြန်ကြီး အဘလုံးတုံးရယ်၊ လေရှီးကဖေကြီးရယ်။ ရောက်တတ်ရာရာတော့ဖြင့်မဟုတ်ပါ။ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ထုံးစံအတိုင်း ဆွေးနွေးနေကြတာပါ။

လူထုအကျပ်အတည်း၊ NUG အခက်အခဲ၊ သာ၀ ကြင်စိုးရဲ့ သောက်တလွဲတွေတော့ ထုံးစံအတိုင်း ပါတာပေါ့ခင်ဗျာ။ အဘစောမူးသာနဲ့ အဘလုံးတုံးတို့က ပြည်သူလူထုဘက်ကပြောလိုက်၊ အဘသိမ်းမောင် ခေါ် အဘစိမ်းမောင်က ထုံးစံမပျက် မအလဘက်က ရှေ့နေလိုက်လိုက်ဆိုပါတော့ ခင်ဗျာ။

" ဗိုလ်ချုပ်မှူးကြီးလည်း ညဘက်ညဘက် အိပ်မှ အိပ်ရပါ့မလားပဲကွာ"

" ဘာဖြစ်လို့လဲ စိမ်းမောင်ရ "

"ဘာဖြစ်ရမလဲဟ . . . နိုင်ငံနဲ့ ပြည်သူအတွက် ဘာတွေများလုပ်ပေးရမလဲလို့ ညစဉ် ညစဉ် စဉ်းစားရင်း ကောင်းကောင်းကိုအိပ်ပျော်မယ် မထင်ဘူး။"

" ဟားဟား ဟားဟား ဟားဟား . . . သိပါဘူးကွာ၊ ငါတို့ထင်တာက 'မမရန်' တို့ 'ဒရုန်းရန်' တို့ကို ထိတ်လန့်ပြီး သွေးလေခြောက်ခြားနေလို့လားလို့ ဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

အဘစိမ်းမောင်က မျက်စောင်းခဲလေ၏။ ရေနွေးကြမ်းခွက်ကို အသံမြည်အောင် စောင့်ချလေ၏။ ထိုစဉ် ခြံဝိုင်းထဲသို့ အဘစိမ်းမောင်၏ သားအကြီးကောင် ' လေးမောင် ' ဝင်လာ တာမြင်ရ၏။ သူ့လက်ထဲမှာ ဘာတွေများ ဆွဲလာသည်မသိ။

" ဟကောင် ' လေမောင် ' ရ . . . ဘာတွေတုန်းဟ . . . "

" ဟေ့ကောင်မူးသာ . . . ငါ့သားကို ငါက' လေးမောင် ' လို့မှည့်ထားတာ၊ ' လေမောင် '

မဟုတ်ဘူးကွ "

"ဟားဟား ဟားဟား ဟားဟား . . . အေးပါကွာ . . . အေးပါ အေးပါ "

တစ်ရွာလုံးက အဘသိမ်းမောင်ကို ' စိမ်းမောင် ' ဟုပဲ သုံးကြသလို သူ့သားအငယ်ကောင် ' သိမ်း

ကိုကို ' ကိုလည်း ' စိမ်းကိုကို ' ပဲ ခေါ်ကြပါသဗျ။ 

အခု အကြီးကောင်ကျတော့ မဟုတ်ကဟုတ်က နေရာတကာ ' လေထွား ' လွန်းလှ၍ ' လေး

မောင် ' မှသည် ' လေမောင် ' တွင်ခဲ့သည်ဟု သိရှိခဲ့ရပါလေ၏။  သူကလည်း ဖခင်ဖြစ်သူ စိမ်း

သရဖူစိမ်း ရပ်ကျေးပါတီလူကြီး၏ခြေရာကိုနင်းကာ ' မဲဆွယ်ကာလ ' တွေတုန်းက စည်းရုံးရေး ဆင်းစဉ် ပေါက်တတ်ကရ ကြီးကြီးကျယ်ကျယ်တွေ ဟိုပြော သည်ပြော ချိုးပြောမိုးပြော လေလုံးထွားခဲ့သူ ဆိုပဲခင်ဗျ။

" ဒီမှာလေ အဘမူးသာရဲ့ . . . . ပိန္နှဲသီးတွေခူးလာတာ"

အညှာတစ်ခုထဲမှာ ပိန္နဲသီးမွေးကင်းစလေးတွေပြွတ်လို့ပါလား ခင်ဗျ။ သုံးခိုင်တောင်ပဲ။ အလုံး

အစိတ်သုံးဆယ်လောက်တော့ ရှိမယ်။

" ဟေ . . . မင့်ဟာကလည်း လက်တောက်လောက်ကလေးတွေ၊ ကလေးဂွေးစိလောက် ကလေးတွေကွာ . . ငါးပိရည်နဲ့တို့စားဖို့လည်း အဆင်မပြေ၊ ဟင်းချက်စားဖို့လည်း အဆင်မ ပြေတဲ့အရွယ်လေးတွေ "

" ဘာပဲဖြစ်ဖြစ်ဗျာ . . . တခြားသူတွေ မစားရရင် ပြီးရော "

" ဟေ . . . "

အကြောင်းစုံကို ဤသို့သိရပါသည် ခင်ဗျ။

ရွာ့တောင်ဘက်အစွန်မှာ အဘစိမ်းမောင်၏အစ်ကိုကြီး အဘသန်းမောင့်ခြံရှိပါကြောင်း၊ အဘသန်းမောင်တို့က မနီးမဝေးက တောမြို့လေးပေါ်ကိုပြောင်းနေပြီး ဈေးဆိုင်ဖွင့်ထားပါသတဲ့။ သည်ရွာကခြံကို မရောင်းဘဲ သည်အတိုင်းထားပါသတဲ့။ ခြံစည်းရိုးမှာတော့ ပိန္နဲပင် ကြီးတစ်ပင်ရှိကာ ပုံမှန်သီးပွင့်ဝေဆာပါသတဲ့။

အဲသည်ခြံကို အဘစိမ်းမောင်တို့ လေမောင်တို့က ကြုံရင်ကြုံသလို တစ်ခါတစ်လေ သွား သွားကြည့်ပေးကြတဲ့အခါ ပိန္နဲသီးတွေ ပျောက်ပျောက်နေတာ မြင်ရနေကျပါတဲ့။ အဲသည်ခြံ တစ်ဝိုက်ကလူတွေလက်ချက်ပဲလို့လည်း စွပ်စွဲကြပါတယ်။

"ဘယ်သူ ခူးစား ခူးစားပေါ့ကွာ၊ ဘာမှလည်း ဖြစ်လောက်တာမဟုတ်ဘူး။ သူတို့လည်း ရွာ့ ထုံးစံအတိုင်း ပိုင်ရှင်ကိုမတွေ့ရင် ' အပင်ကို ခွင့်တောင်း ' ပြီး ခူးစားကြတာနေမှာပေါ့ကွာ။

 မင်းတို့ကကော ပိန္နဲသီးကြိုက်ကြလို့လား ဟကောင်တွေရ "

" အောင်မယ်လေးကွာ . . . ငါတို့တစ်အိမ်လုံး ပိန္နဲသီးဆို မုန်းလွန်းလို့၊ စားကိုမစားကြဘူး"

" ဟေ . . . "

" ကျုပ်လည်း မစားဘူး၊ ဒင်းတို့လည်း မစားရအောင် အပင်မှာရှိရှိသမျှ ခုတ်ချလာခဲ့တယ် . . အေးရောပေါ့ဗျာ။ ဟားဟား ဟားဟား ဟားဟား"

" ဟေ . . . . . . "

သို့ကလို အံ့သြဖွယ်ရာ ကြားသိရပါလေ၏ ခင်ဗျာ။ ဤအခိုက်မှာတင် တပ်ကြပ်ကြီးအဘလုံးတုံး

၏ မျက်လုံးထဲမှ အပြုံးစကို မြင်လိုက်ရပါလေ၏။

" အေးကွ စိမ်းမောင်ရ . . . မင့်သားလေမောင့်အဖြစ်ကိုမြင်ရတော့ ငါတပ်ထဲမှာနေတုန်းက အဖြစ်ကို ရုတ်တရက်ချက်ချင်းကို မျက်စိထဲမြင်လာတယ်ဟ"

" ဘယ်လိုဟာလဲ လုံးတုံးရ၊ လုပ်စမ်းပါအုံးဟ"

အဘစောမူးသာကထောက်ပေးလိုက်တော့ အဘလုံးတုံး ပိုမိုပြုံးလာကာ သူ့ဇာတ်လမ်းကို ပြောမယ့်ဟန်ပြင်ပြီး ရေနွေးကြမ်းတစ်ခွက်ကို မော့ချလိုက်ပါလေ၏ ခင်ဗျာ။

"ငါတို့တပ်ထဲမှာတုန်းက ' တပ်ကြပ်ကြီး ' တွေဆို နှစ်ခန်းတွဲအိမ်အမြင့်မှာ တစ်ခန်းရတယ်ကွ။ ဟိုဘက်ခန်းမှာ တခြားတပ်ကြပ်ကြီးမိသားစုပေါ့ "

" အေး . . . အဲသည်တော့ . . . "

အဘလုံးတုံးပြောပြသည်မှာ တစ်တပ်ကိုရောက်တော့ ခြေရင်းခန်းမှာ နေရပါသတဲ့။ အိမ်နောက် ဖေးမှာ မြေပိုလေးတွေရှိတာကြောင့် ရာသီစာ ဘူးတို့ ဖရုံတို့ ရုံးမတီတို့ ချဉ်ပေါင်တို့သာမက နှစ် ရှည်ပင်ဖြစ်တဲ့ ကီလိုမာလကာတို့ သင်္ဘောတို့ပါစိုက်ဖြစ်ကြပါသတဲ့။

အဲသည်အပင်လေးတွေက အသီးအနှံတွေကို အဲသည်မှာရှိစဉ်တလျှောက်လုံး ခူးစားနေကြတာပေါ့ဗျာတဲ့။ အဲသည်လိုနဲ့ အဲသည်တပ်မှာသုံးလေးနှစ်ကြာတဲ့အခါ တခြားနယ်အဝေးက တပ်တစ်တပ်ကို ပြောင်းဖို့ရွှေ့ဖို့ အမိန့်ကျလာ ပါရောတဲ့။

"ငါတို့မိသားစုလည်း ရှိရှိသမျှပစ္စည်းတွေ အကုန်လုံးသိမ်းဆည်းထုပ်ပိုးပြီး အိမ်ခန်းကလေးကိုလည်း အမှိုက်အစအနမကျန်အောင် လှည်းကျဉ်းနေတာပေါ့ကွာ၊ အဲသည်အချိန်မှာ . . . "

" အဲသည်အချိန်မှာ ဘာဖြစ်သလဲ လုံးတုံးရဲ့ "

အဘစိမ်းမောင်တို့သားအဖလည်း စိတ်ဝင်တစားနားထောင်နေရာကနေ ဝင်မေးပါလေ၏။

" အေးကွ စိမ်းမောင်ရ . . . ခေါင်းရင်းခန်းက မိသားစုက ပစ္စည်းတွေသိမ်းပြီးတဲ့အခါ အိမ်

နောက်ဖေးမှာ ' တဒုတ်ဒုတ် ' နဲ့ အလုပ်တွေရှုပ်နေကြပါရောလားကွ . . . ဟ ဟ ဟ "

" ဘယ်လို အလုပ်တွေရှုပ်နေတာတုန်းဟ "

" တခြားဟုတ်ပါရိုးလား စိမ်းမောင်ရာ . . . . နောက်ဖေးက အသီးကင်းတွေပြွတ်နေတဲ့ သင်္ဘောပင်တွေနဲ့ မာလကာပင်တွေကို အရင်းတွေကနေ ရက်ရက်စက်စက် ' ပိုင်းချ ' နေကြတာများကွာ . . . . . ငါ့မှာ မျက်ရည်တောင် လည်လာတယ် "

" ဟေ . . . "

အဘစောမူးသာထံမှာ ' ဟေ ' တစ်လုံး ထွက်ကျလာသော်ငြား ' အဘစိမ်း ' တို့သားအဖကား

နှုတ်ဆိတ်သွားကြပါလေတော့၏။ ကိုယ်မစားရတော့မယ့်အပင်ကို ခုတ်ပစ်ချင်သည့်စိတ်ဓာတ်

ကား သိပ်ကြောက်စရာကောင်းပါလားဗျာ။ စကားဝိုင်းကား တိတ်ဆိတ်သွားသယောင်ပါပေ။

အဘစောမူးသာလည်း ရေနွေးကြမ်းတစ်ခွက်ပို မှုတ်သောက်နေရင်း တစ်ခုခုကိုစဉ်းစားခန်း ဝင်နေသလိုပါပေ။ ခဏအကြာ အဘစောမူးသာထံမှ မှတ်ချက်တစ်ခု ထွက်ကျလာပါ၏။

" အေးကွ . . . ကြင်စိုး သာ၀ မအလ လည်းမကြာခင် တမလွန်ကို အပြီးပြောင်းရွှေ့ရတော့မှာဆိုတော့ သူမစားရတော့မယ့်အပင်ကို စိတ်ရှိတိုင်း အပိုင်းပိုင်း ခုတ်ဖြတ်ပြီး သတ်သွား မယ့်သဘောဆိုတော့ သတိထားကြပါဗျား "

" ဘုရား  ဘုရား  ဘုရား "

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013