DVB Logo
Home
Lead Story
ရှီကျင့်ဖျင်ရဲ့ တတိယ သက်တမ်း အစ
DVB
·
October 17, 2022
ရှီကျင့်ဖျင်ရဲ့ တတိယ သက်တမ်း အစ
Donate to DVB

၂၀၁၂ မှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ၂၀၁၃ မှာ တရုတ်သမ္မတ ဖြစ်လာတဲ့ ရှီကျင့်ဖျင်ဟာ အခု ၂၀၂၂ မှာ သမ္မတ သက်တမ်း ၁၀ နှစ် ပြည့်ပါပြီ။ ပုံမှန်အားဖြင့်တော့ တရုတ်သမ္မတတစ်ဦးရဲ့ သက်တမ်းက ငါးနှစ် နှစ်ကြိမ်၊  ၁၀ နှစ်ထက် မပိုရပါဘူး။ တိန်ရှောက်ဖိန်အလွန်၊ ကျန်ဇီမင်းတို့ ဟူကျင်တောင်းတို့လည်း ၁၀ နှစ်ထက်မပိုပါဘူး။ မပိုရအောင်လည်း ၁၉၈၂ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိန်ရှောက်ဖိန်ကိုယ်တိုင် အကြံပြုပြဋ္ဌာန်းခဲ့တယ်။ သမ္မတတစ်ဦးရဲ့ သက်တမ်းဟာ ၁၀ နှစ်ထက်ကျော်လွန်သွားရင် အာဏာရှင်ဆန်သွားမှာစိုးလို့ကို ပြဋ္ဌာန်းထားခဲ့တာပါ။

ဒါပေမဲ့လည်း ဒီပြဋ္ဌာန်းချက်ကို လက်ရှိသမ္မတ ရှီကျင့်ဖျင်က ၂၀၁၈ခုနှစ် လွှတ်တော်အစည်းအဝေးမှာ ပြင်ဆင်လိုက်ပြီး သမ္မတသက်တမ်းကို အကန့်အသတ်မဲ့ ပြုလုပ်လိုက်ပါတယ်။ ဒီပြင်ဆင်ချက်ကလည်း ပါတီခေါင်းဆောင်နဲ့ သမ္မတတစ်ဦးအတွက်သာ သက်ဆိုင်ပြီး ကျန်အဆင့်တွေကတော့ သက်တမ်းအကန့်အသတ်နဲ့သာ ရှိရမှာဖြစ်တယ်။

၂၀၂၂၊ အောက်တိုဘာ ၁၆ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ဘေဂျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာ စတင်ကျင်းပနေပါပြီ။ ကမ္ဘာ့နိုင်ငံရေးအကဲခတ်သူတွေ အထူးစောင့်ကြည့်နေတဲ့ ဒီအစည်းအဝေးက ရှီကျင့်ဖျင်ကို တတိယအကြိမ် သမ္မတသက်တမ်းတိုးဖို့ အတည်ပြုပေးမှာဖြစ်တယ်။

နိုင်ငံတစ်ဝန်းလုံးက တရုတ်ကွန်မြူနစ်ပါတီဝင် ကေဒါ ၂၃၀၀ နီးပါးတက်ရောက်ပြီး ဗဟိုကော်မတီအဖွဲ့ဝင် ၂၀၀ နဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၂၅ ဦး၊ အမြဲတမ်းပေါ်လစ်ဗျူရို အဖွဲ့ဝင် ၇ ဦး အပါအဝင် ပါတီအထွေထွေအတွင်းရေးမှူးတို့ကို ရွေးချယ်တင်မြှောက်ကြပါလိမ့်မယ်။ ညီလာခံမတိုင်မီက မှန်းဆချက်အမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့် အခု ညီလာခံမှာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် တချို့ အပြောင်းအလဲ ရှိတာကလွဲပြီး ရှီကျင့်ဖျင်ကတော့ နေမြဲအတိုင်း အဓိက ရာထူးသုံးခုမှာ ဆက်ပြီးနေရာယူထားဖို့ ရှိပါတယ်။ အဲဒါတွေကတော့ ပါတီအထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌနဲ့ သမ္မတ ရာထူးတွေပဲဖြစ်တယ်။ အခုပါတီညီလာခံက ရာထူးနှစ်ခုကိုပဲ အတည်ပြုမှာဖြစ်ပြီး သမ္မတရာထူးကိုတော့ ၂၀၂၃ မတ်လ လွှတ်တော်အစည်းအဝေးကျမှ အတည်ပြုပါမယ်။

ရှီကျင့်ဖျင်ရဲ့ တတိယသမ္မတသက်တမ်း ငါးနှစ်ဟာ မကြာခင် စတင်တော့မယ်လို့ ဆိုရမယ်။ သမ္မတသက်တမ်းကိုသာ အကန့်အသတ်မဲ့ ပြုထားပေမယ့် ဝန်ကြီးချုပ်အပါအဝင် တခြားရာထူးတွေအတွက်တော့ နှစ်ကြိမ်ထက်မပိုရသလို အသက် ၆၇ ထက်လည်း မပိုရလို့ ပြဋ္ဌာန်းထားတယ်။ ခန့်မှန်းနေကြတာကတော့ လက်ရှိ ဝန်ကြီးချုပ် လီခယ်ကျင်း နေရာမှာ တခြားတစ်ဦးနဲ့ အစားထိုးမှာဖြစ်သလို အသက် ၆၇ နှစ် ကျော်လွန်တဲ့ ပါတီခေါင်းဆောင်တွေနေရာမှာ ပိုမိုငယ်ရွယ်သူတွေနဲ့ အစားထိုးသွားဖို့ ရှိတယ်လို့ ဆိုတယ်။ 

ပါတီညီလာခံရဲ့ အဖွင့်မိန့်ခွန်းမှာ ရှီကျင့်ဖျင်က တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေကို အမွှမ်းတင်ပြောကြားခဲ့ရာမှာ ဟောင်ကောင်ကို တရုတ်ပုံစံအတိုင်း အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုတာရယ်၊ ဝေဖန်မှုအများဆုံးခံနေရတဲ့ Zero Covid မူဝါဒရယ်၊ ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် အမြဲရှိနေမှာဖြစ်ပြီး အင်အားမသုံးဘူးလို့ ဘယ်တုန်းကမှ ကတိပေးမထားဘူးလို့ ဆိုခဲ့တယ်။ တရုတ်အစိုးရဟာ ပြည်သူတွေရဲ့အသက်ထက် ဘာမှ အရေးမကြီးဆိုတဲ့ ခံယူချက်နဲ့ Zero Covid မူဝါဒကို ချမှတ်ခဲ့တာဖြစ်ပြီး လူအမြောက်အမြား ကူးစက်သေကျေမှု မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်လို့ ဆိုတယ်။ 

ရှီကျင့်ဖျင်ရဲ့ တင်းကျပ်တဲ့ Lockdown အစီအစဉ်ကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေး ထိခိုက်ခဲ့သလို ပြည်သူတချို့ရဲ့ မကျေနပ်မှုတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ကာလက တောက်လျှောက်တိုးတက်လာတဲ့ တရုတ်စီးပွားရေးတိုးတက်မှုဟာ တင်းကျပ်တဲ့ Zero Covid  မူဝါဒကြောင့် တုန့်နှေးသွားခဲ့တယ်။ 

ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ ယခင့် ယခင် ကွန်မြူနစ်ပါတီညီလာခံတွေမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ အုပ်စုဖွဲ့မှုတွေ ရှိခဲ့ပေမဲ့ ပါတီကို လုံးဝထိန်းချုပ်ထားတဲ့ ရှီကျင့်ဖျင်ကြောင့် အပြောင်းအလဲ အရိပ်အယောင်မတွေ့ရပါဘူး။ 

မော်စီတုန်းနောက်ပိုင်း ထာဝရခေါင်းဆောင်အဖြစ် ခံယူလိုက်တဲ့ ရှီကျင့်ဖျင်ရဲ့ ဆယ်နှစ်တာ သမ္မတသက်တမ်းမှာ တရုတ်နိုင်ငံဟာ စီးပွားရေးအရ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖြစ်လာခဲ့သလို ရာစုနှစ် ရည်မှန်းချက်နှစ်ခုဖြစ်တဲ့ ၂၀၂၁ မှာ အသင့်အတင့် ကြွယ်ဝချမ်းသာတဲ့ တရုတ်လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးနဲ့ ၂၀၄၉ မှာ အလုံးစုံ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ တရုတ်နိုင်ငံဖြစ်ပေါ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နေခဲ့တာဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ ၂၀၂၁ မှာ ပါတီသက်တမ်း နှစ် ၁၀၀ ပြည့်ခဲ့ပြီး လာမယ့် ၂၀၄၉ မှာ တရုတ်နိုင်ငံထူထောင်မှု သက်တမ်းနှစ် ၁၀၀  ပြည့်မှာဖြစ်တယ်။ 

နိုင်ငံတကာမူဝါဒနဲ့ပတ်သက်ပြီး တရုတ်ဟာ ဗိုလ်ကျလွှမ်းမိုးမှုကို လက်မခံတဲ့အတွက်  ကိုယ်တိုင်လည်း အိမ်နီးချင်းအပါအဝင် အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်သွားမှာ မဟုတ်သလို တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးအပါအဝင် အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး စီးပွားရေးအရဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုတယ်။ 

ကွန်မြူနစ်ပါတီညီလာခံမတိုင်မီ တစ်ရက်က ဘေဂျင်းမှာ ရှားရှားပါပါး ဆန္ဒထုတ်ဖော်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ ရှီကျင့်ဖျင်ရဲ့ တင်းကျပ်တဲ့ ကိုဗစ်ကန့်သတ်ချက်နဲ့ စီးပွားရေးတုံ့ဆိုင်းလာတဲ့ အခြေအနေကို ဆန့်ကျင်ဆန္ဒပြခဲ့တာပါ။ ခုလို ဆန္ဒထုတ်ဖော်ခွင့်မရှိတဲ့ တရုတ်ပြည်မှာ ဒီဆန္ဒထုတ်ဖော်မှုဟာ ရှီကျင့်ဖျင်ရဲ့ လက်ရှိ အနေအထားကို ပြသနေတယ်လို့ တချို့က သုံးသပ်ကြတယ်။ တိကျတဲ့ စစ်တမ်းကောက်ယူနိုင်ခြင်းမရှိတဲ့ တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်အပေါ် လူကြိုက်များမှု ဘယ်လောက်အထိ ရှိနေသေးတယ်ဆိုတာကတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ 

သေချာတာတစ်ခုကတော့ ရှီကျင့်ဖျင်ဟာ ကွန်မြူနစ်ပါတီကို အလုံးစုံထိန်းချုပ်ရင်း တရုတ်နိုင်ငံကို ရှီကျင့်ဖျင်လမ်းစဉ်နဲ့ အာဏာသက်တမ်း အကန့်အသတ်မဲ့ ဆက်လက်ဦးဆောင်သွားဦးမယ် ဆိုတာပါ..။ 

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013