
ဧရာဝတီတိုင်းမှာ အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ ၅ ယောက်ထက်မနည်း ရှိလာကာ ပိုမိုကူးစက်မှု များပြားလာနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွထံက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက ပုသိမ်မြို့နယ်နဲ့ မြောင်းမြမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်ကုသနေသူတွေ သေဆုံးခဲ့တာဖြစ်ပြီး မြေပြင်အခြေအနေမှာ ကူးစက်ခံရသူ ပိုမိုများပြားနိုင်တယ်လို့ ပုသိမ်မြို့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“ကျနော်တို့ဆီကို စာရင်းရောက်တာကတော့ ပုသိမ်ဆေးရုံမှာ ဆေးကုသခံယူနေတဲ့ အတည်ပြုလူနာ ၃ ဦး၊ မြောင်းမြဆေးရုံက အတည်ပြု လူနာ ၂ ဦး သေဆုံးတယ်။ ဒါက ဆေးရုံမှာတက်ပြီး ဆေးကုသရင်း သေဆုံးလို့ ကျနော်တို့ဆီ စာရင်းရောက်လာတာ။ မြေပြင်မှာ ကူးစက်ခံရသူတွေ သေဆုံးသူတွေ ဒီထက်မက ရှိနိုင်တယ်။”
ဧရာဝတီတိုင်းမှာ အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၃၀၀ နီးပါးရှိကာ ပုသိမ်မြို့နယ်အတွင်း ကူးစက်ခံရသူ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ သေဆုံးသူတွေကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။
မြောင်းမြဒေသခံတယောက်က “MOHS ကလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူစာရင်းတွေ နေ့တိုင်းထုတ်နေတာပဲ။ သေဆုံးသူစာရင်း မတွေ့ရဘူး။ သူတို့ထုတ်တဲ့စာရင်းနဲ့ မြေပြင်နဲ့က ကွဲလွဲနိုင်တယ်။ ခု Mask တပ်ပြီး အပြင်ထွက်တဲ့သူက မရှိသလောက်ပဲ။ အရင်ကလို တင်းတင်းကျပ်ကျပ် ရောဂါကာကွယ်တာတွေ မလုပ်တော့ ရောဂါကူးစက်နိုင်ခြေ ပိုများလာနိုင်တယ်” လို့ ပြောပါတယ်။
အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ သီတင်းကျွတ်ပွဲတော်အတွင်း လူစုလူဝေးနဲ့ လူစည်ကားကြောင်း ပြချင်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်သတင်းတွေမှာ ရေးသားဖော်ပြထားတာ တွေ့ရပေမဲ့ လူစည်ကားရာနေရာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပေးတာတွေ မရှိခဲ့ပါဘူး။
ဧရာဝတီတိုင်းအတွင်း CDM ကျန်းမာရေးဝန်ထမ်းတယောက်က “ဧရာဝတီတိုင်းအတွင်းမှာ သြဂုတ်လ တတိယအပတ်လောက်ကတည်းက ကိုဗစ်က ကူးစက်လာတာ။ ခု သီတင်းကျွတ်ပွဲကို စစ်ကောင်စီအုပ်ချုပ်နေချိန် စည်ကားကြောင်း ပြချင်တဲ့အတွက် ရောဂါကူးစက်မှာတွေ ဘာတွေနဲ့ ပတ်သက်ပြီး ကာကွယ်တာတွေ၊ အသိပညာပေးတာတွေ မလုပ်ဘဲ လူစုလူဝေးကို ဒီတိုင်းလွှတ်ထားတယ်။ ဧရာဝတီတိုင်းမှာ ကူးစက်တာတွေ တရက်ထက်တရက် များလာတာတွေ တွေ့ရတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်က စတင်ပြီး အခုအချိန်ထိ ဧရာဝတီတိုင်းအတွင်းမှာ ရောဂါကူးစက်ခံရသူ တသိန်းခွဲကျာ်ရှိကာ သေဆုံးသူ ၁,၃၀၀ ကျော် ရှိပါတယ်။