
အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ဖွင့်လှစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
NUG အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အထောက်အကူဖြစ်စေဖို့၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် စဉ်ဆက်မပြတ်ပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အရည်အသွေးရှိ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြားကာလ ပညာရေးပြင်ဆင်နေမှုတွေ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မေ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ခုလတ်တလော ဖွင့်လှစ်လိုက်တဲ့ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကတော့ ကြားကာလ ပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီတွေ၊ ဘာသာရပ်အဖွဲ့တွေ စုစည်းပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်သူပိုင်တက္ကသိုလ် (Public University) တခုဖြစ်တဲ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေးကို ဖော်ဆောင်မယ့် တက္ကသိုလ်တခုလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တက်ရောက်သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းပေါ်ကတဆင့် တင်ပေးထားတဲ့ Formal Courses (ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်နေ့သင်တန်းနဲ့ အဝေးသင် သင်တန်းများမှ သင်ခန်းစာများ)၊ Core Curriculum Courses (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသော/ အခြေခံပညာ ပြီးမြောက်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက် သင်ခန်းစာများ) နဲ့ Short Courses (လက်တွေ့အသုံးချ အသိပညာ၊ အတတ်ပညာရပ်ဆိုင်ရာ သင်တန်းများနဲ့ တတ်ကျွမ်းနားလည်မှုများ ပိုမိုရရှိစေနိုင်သော စွမ်းရည်မြှင့်သင်တန်းများ) ၃ မျိုးကို တက်ရောက်သင်ကြားနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ အခြေခံပညာကဏ္ဍမှာ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦး ကြေညာချက် ထုတ်ပြန်ထားသလို စစ်ကောင်စီဖွင့်လှစ်တဲ့ တက္ကသိုလ်အသီးသီးမှာ တက်ရောက်သင်ကြားနေသူတွေကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောထားတာပါ။
အကြမ်းဖက် စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ထားပေမဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ကျောင်းသားသမဂ္ဂတွေ အပါအဝင် အခြေခံပညာရော အဆင့်မြင့်ပညာကဏ္ဍက ဆရာ၊ ဆရာမတွေကပါ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ အခုထိတိုင် တက်တက်ကြွကြွ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။