DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း၊ မကွေးတို့ကို အကူအညီပေးမည့် ကုလနှင့်နိုင်ငံတကာအဖွဲ့များ လုံခြုံရေးအတွက် NUG ထံ ဆက်သွယ်ရန် ကြေညာ
DVB
·
October 6, 2022
စစ်ကိုင်း၊ မကွေးတို့ကို အကူအညီပေးမည့် ကုလနှင့်နိုင်ငံတကာအဖွဲ့များ လုံခြုံရေးအတွက် NUG ထံ ဆက်သွယ်ရန် ကြေညာ
Donate to DVB

မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုးနယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို အကူအညီပေးရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ချိန်မှာ လုံခြုံရေးအတွက် NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို အကြောင်းကြား ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ်တွေ ဖြစ်ကြတဲ့ ပျူစောထီးအဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီနေကြတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defense Force (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး NUG အစိုးရရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတာကြောင့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်း တွေမှာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ဖို့ ခုလိုထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒေါက်တာလှိုင်မြင့်ဟန် (တွဲဘက်အတွင်းဝန်) - Signal Number +66 628255438 နဲ့ ဝန်ကြီးဌာနအီးမေးလ် - [email protected] တို့ ဆီ ဆက်သွယ်နိုင်ဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ကုလသမဂ္ဂအဖွဲ့အနေနဲ့ စဉ်ဆက်မပျက် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင် (၁၇) ရပ်နဲ့အညီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ဆောင်ရွက်နေတဲ့အတွက် များစွာဂုဏ်ယူမိကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ အပစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကုလသမဂ္ဂက ထိရောက်စွာ အကူအညီပေးနိုင်ရေးမှာ NUG အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အသစ် ၂၀,၀၀၀ ကျော်လောက် ထပ်ရှိလာနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စက်တင်ဘာ ၂၆ ရက်အထိ နောက်ဆုံးစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013