DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအကူအညီ မရလျှင် CDM ဝန်ထမ်းများကို ကူညီရန် ခက်ခဲနေဦးမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
DVB
·
September 28, 2022
နိုင်ငံတကာအကူအညီ မရလျှင် CDM ဝန်ထမ်းများကို ကူညီရန် ခက်ခဲနေဦးမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
Donate to DVB

နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီမျိုးတွေ မရနိုင်ဘဲ CDM ဝန်ထမ်းတွေ အားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေရဦးမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၆၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

“တော်လှန်ရေးအတွက် အင်မတန် အရေးပါတဲ့ ထောက်တိုင်တခုဖြစ်တဲ့ CDM တွေအတွက် CDM Success Committee ထဲမှာ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ အဲ့ဒီမှာလည်း ကော်မတီအနေနဲ့ CDM တွေအတွက် အထောက်အပံ့ပြုပေးနိုင်တဲ့ အခြေအနေတွေကို တင်ပြကြပြီး အများစုအတွက် မဖြေရှင်းပေးနိုင်သေးတဲ့ အခက်အခဲတွေကိုလည်း ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ တကယ်တော့ ကျနော်တို့တွေလည်း အစိုးရ စတင်မဖွဲ့စည်းခင်ကတည်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အနေနဲ့လည်း ကြိုးပမ်းခဲ့ကြတာတွေ ရှိခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီး နောက်ပိုင်းမှာလည်း CDM တွေအတွက် ကဏ္ဍစုံက စဉ်းစားကြ ဆွေးနွေးခဲ့ကြပြီး စီမံနိုင်ဖို့တွေလည်း အားထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာက လူသားစာနာ အကူအညီမျိုးတွေ မရဘဲနဲ့တော့ ကျနော်တို့ သူရဲကောင်း CDM တွေအားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေရဦးမှာပါပဲ။ ဒါကြောင့် ဒီနည်းလမ်းနဲ့မရရင် နောက်နည်းလမ်းသုံးပြီး ဝိုင်းဝန်းကြိုးစား အားထုတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဆေးလောကသားတွေ အပါအဝင် ဝန်ကြီးဌာန နယ်ပယ်အသီးသီးက ဝန်ထမ်းအတော်များများဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အချိန် ၁ နှစ်ခွဲကျော် ကြာတဲ့တိုင်အောင် ဆက်လက်ပြီးတော့ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တာတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို ဖိအားပေးတာ၊ အလုပ်တာဝန်ကနေ ရပ်စဲတာတွေ လုပ်ခဲ့သလို ဖမ်းဆီးသတ်ဖြတ်တာတွေထိ ကျူးလွန်လာခဲ့တာမို့ CDM လုပ်တဲ့ ဝန်ထမ်းတွေဟာ နေရပ်ကနေ တိမ်းရှောင်နေကြရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်က CDM ဆရာမတယောက်ကတော့ “CDM လုပ်တယ်ဆိုတာကလေ ဘယ်သူ့တာဝန်မှ မဟုတ်ဘူး။ နိုင်ငံ့အတွက် ကျမတို့လုပ်နိုင်တဲ့ ကျရာနေရာက ပါဝင်ရမယ့် တာဝန်တရပ်လို့ပဲ မြင်ပါတယ်။ ကျမတကိုယ်စာအမြင်နဲ့ ပြောရရင် ခုချိန်ထိလည်း ကျမအနေနဲ့ မိသားစုတစုလုံး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တက်တက်ကြွကြွ ပါနေတုန်းပါပဲ။ နောက်ပြန်လှည့်ဖို့လည်း စိတ်ကူးမရှိပါဘူး။ တဖက်မှာကျတော့လည်း ဒီလိုပါဝင်ခြင်းအားဖြင့် အခက်အခဲတွေ အများကြီး ရင်ဆိုင်ရပါတယ်။ နေထိုင်စားသောက်ရေး ကစလို့ ကျန်းမာရေးအထိ အစုံပါပဲ။ CDM လို့ ပြောလိုက်တာနဲ့ ကျီးလန့်စာစားနေရတဲ့ အချိန်တွေပါပဲ။ အကူအညီ ရသင့်သလောက်ရတယ်၊ မရဘူး။ ဒါတွေကလည်း ဖြစ်နေဦးမှာပါပဲ။ အစိုးရတရပ်အနေနဲ့ ဒီသက်တမ်းအတွင်းမှာ သူတို့ထောက်ပံ့ကူညီနိုင်တဲ့ အတိုင်းအတာရှိမှာကို နားလည်ပါတယ်။ CDM လုပ်တဲ့ဝန်ထမ်း ဆိုပြီးတော့လည်း အထူးပြု ဦးစားပေးဖို့ မလိုသလို ပစ်ပယ်ထားလို့လည်း မရဘူးဆိုတာ သိစေချင်ရုံပါပဲ။ ကျမအနေနဲ့ကတော့ ထောက်ပံ့မှုပေးပေး မပေးပေး ဒီစနစ်ကို မကြိုက်တဲ့အတွက် အနိုင်ရတဲ့အထိ ဆက်သွားမှာပါပဲ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ CDM ပြုလုပ်ခဲ့ကြတဲ့ ဝန်ထမ်းဦးရေ ၄ သိန်းကျော်လောက် ရှိမယ်လို့ သိရပေမယ့် ကိန်းဂဏန်း အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မြန်မာ့‌ေနွဦးတော်လှန်ရေးဟာ အချိန် ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာတာနဲ့အမျှ CDM ဝန်ထမ်းတွေသာမက ပြည်သူတရပ်လုံးဟာ အတိဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပြီး NUG အစိုးရကလည်း နွေဦးထီလို CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနိုင်မယ့် အစီအမံတွေ ပြုလုပ်ပေးနေသလို အဘက်ဘက်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို နိုင်ငံတကာက အထောက်အပံ့တွေ ပေးအပ်နေသလို မြန်မာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လက်နက်တပ်ဆင်ပေးဖို့ နိုင်ငံတကာကို အကူအညီ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013