အာဆင်နယ် အားကစားဒါရိုက်တာ ဘာတာက ကစားသမားသစ် ဇိုလစ်ဟာ ဘယ်တောင်ပံမှာ အဓိက ကစားပေမဲ့ တိုက်စစ်နေရာစုံ ကစားနိုင်တဲ့ ကစားသမားတယောက် ဖြစ်တယ်လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂ်ကနေ ဂရိတိုက်စစ်မှူး ခရစ္စတိုဇိုလစ်ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဇိုလစ်ဟာ အာဆင်နယ်နဲ့ ရေရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
လီယန်ဒရို ထရော့ဆာ့ဒ် ဘက်ဆစ်တပ်ကို ပြောင်းရွှေ့သွားပြီးနောက် အာဆင်နယ်အတွက် အားဖြည့်မှုတခုလည်း ဖြစ်ပါတယ်။
ဇိုလစ်ဟာ မနှစ်က ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂ်အတွက် စုစုပေါင်း ၅၂ ပွဲမှာ ၂၂ ဂိုးသွင်းပြီး ၂၉ ကြိမ်အထိ ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဇိုလစ်ကလည်း နည်းပြ အာတီတာနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သူဟာ ဂိုးသွင်းဖို့၊ ဂိုးဖန်တီးဖို့ အမြဲဆာလောင်နေတဲ့ တိုက်စစ်ကစားသမားတယောက် ဖြစ်ကြောင်း ပြောပါတယ်။











