DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော် အိန္ဒိယနယ်စပ် မီဇိုရမ်တွင် ခိုလှုံနေ
DVB
·
September 26, 2022
မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်  အိန္ဒိယနယ်စပ် မီဇိုရမ်တွင် ခိုလှုံနေ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနယ်စပ် မီဇိုရမ်ဒေသရှိ ယာယီစခန်းပေါင်း ၆၀ လောက်မှာ မြန်မာနိုင်ငံကနေ လာရောက်ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်ပေါင်း ၄၀,၀၀၀ ကျော်ရှိတယ်လို့ မီဇိုရမ်ဒေသအာဏာပိုင် လွှတ်တော်အမတ် ကေဗန်လဗီနာက ပြောပါတယ်။

ယာယီစခန်းတွေမှာ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ လုပ်ခရမယ့် ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ခွင့် မရှိကြောင်းနဲ့ ဒေသအစိုးရက သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားတယ်လို့လည်း လွှတ်တော်အမတ်က The Hindu သတင်းစာကို ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက  အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ ဒေလီမှာတွေ့ခဲ့စဉ်က မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့အတွက် လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ မစ္စတာ ဗန်လဗီနာက ပြောပါတယ်။

အိန္ဒိယဟာ ဘက်မလိုက်ရေးမူဝါဒအတိုင်းလိုက်နာပြီး မြန်မာစစ်တပ်ဘက်ကရော ဒုက္ခသည်တွေဘက်ကပါမရပ်တည်တာကြောင့် လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြဿနာတွေကို မြန်မာဘက်နဲ့ဆွေးနွေးညှိနှိုင်းဖို့ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ်ကိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် မီဇိုဒေသနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ချင်းဒေသခံ တိုင်းရင်းသားထောင်ပေါင်းများစွာဟာ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးဝင်ရောက်ခဲ့ကြပါတယ်။ မြန်မာနဲ့ အိန္ဒိယဟာ ၁၆၄၃ ကီလိုမီတာရှည်လျားတဲ့ နယ်စပ်မျဉ်းကို မျှဝေပိုင်ဆိုင်ပြီး နယ်စပ်မျဉ်းတစ်လျှောက်နေထိုင်ကြသူတွေဟာ ဟိုဘက်ဒီဘက် ဆွေမျိုးသားချင်းတွေလည်း ဖြစ်နေကြပါတယ်။

ပြည်နယ်အစိုးရက ဒုက္ခသည် ၃၀,၀၀၀ လောက်ကို မှတ်ပုံတင်ထားပြီးပြီ ဖြစ်ကြောင်းနဲ့ ယာယီဒုက္ခသည်စခန်းပေါင်း ၆၀ နီးပါးရှိပြီဖြစ်ကြောင်း မစ္စတာ ဗန်လဗီနာက ပြောပါတယ်။

မီဇိုရမ်မှာ အမျိုးတွေ၊ သူငယ်ချင်းတွေရှိနေတဲ့သူတွေက သူတို့ဆီမှာ တည်းခိုနေကြပြီး တရားဝင်မှတ်ပုံမတင်ရသေးတဲ့ သူတွေလည်းရှိတာကြောင့် အရေအတွက်အတိအကျပြောဖို့ မလွယ်သေးကြောင်းနဲ့ အခုချိန်ထိ ရေတွက်ပြီးသလောက် ၄၀,၀၀၀ ကျော်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက နာဂလန်း၊ မဏိပူ၊ မီဇိုရမ်နဲ့ အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်အစိုးရတွေကို ပေးပို့ခဲ့တဲ့စာမှာ မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေကို တည်ဆဲဥပဒေအတိုင်းသာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပေမဲ့ မီဇိုရမ်ပြည်နယ်ထဲရောက်လာတဲ့ ဒုက္ခသည် တစ်ဦးတစ်ယောက်ကိုမှ နေရပ်ပြန်မပို့ရသေးဘူးလို့ ဆိုပါတယ်။

ပြည်နယ်အစိုးရတွေအနေနဲ့ ဘယ်နိုင်ငံခြားသားကိုမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြု ထောက်ခံချက် လုပ်ပေးပိုင်ခွင့်မရှိကြောင်းနဲ့ အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက သူ့ရဲ့စာထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။

မစ္စတာ ဇိုရမ်သန်ဂါဟာ စက်တင်ဘာ ၂၂ ရက်မှာ ပြည်ထဲရေးဝန်ကြီး အမ္မစ်ရှားနဲ့တွေ့ဆုံခဲ့ပြီး သူ့ရဲ့ရုံးက ထုတ်ပြန်ချက်အရ သူတို့ဟာ မီဇိုရမ်ပြည်နယ်ထဲက မြန်မာဒုက္ခသည်များအရေး အပါအဝင်တခြားအရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မစ္စတာ ဇိုရမ်သန်ဂါက“အစိုးရကတော့ ဒုက္ခသည်တွေဒီမှာ နေခွင့်မရှိဘူးဆိုတာရယ်၊ လုပ်အားခယူပြီး ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ခွင့်မရှိဘူးဆိုတာရယ်ကို ညွှန်ကြားချက်ထုတ်ထားပြီးသားပါ။ ဒုက္ခသည်တွေကလည်း သူတို့ရဲ့စခန်းကနေ မပြန်ချင်ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရက အလုပ်အကိုင်တွေ စီစဉ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အတွက် ရန်ပုံငွေတွေတော့ ချပေးထားပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ၁၆ ကီလိုမီတာ အကွာမှာ နေထိုင်ကြတဲ့ ဒေသခံတွေအတွက် တစ်နှစ်တာသက်တမ်းရှိတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားလက်မှတ်ရယူကာ တစ်ကြိမ်လျှင် နှစ်ပတ်အထိ နယ်စပ်ဖြတ်ကျော်နေထိုင်ခွင့်ရှိတဲ့ လွတ်လပ်စွာ သွားလာခွင့် ပြုထားပါတယ်။

Ref- The Hindu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013