DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် မြန်မာခရိုနီလက်နက်ပွဲစားနှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ်ငြင်းဆို
DVB
·
September 23, 2022
ဖမ်းဆီးခံရသည့် မြန်မာခရိုနီလက်နက်ပွဲစားနှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ်ငြင်းဆို
1 / 2
Donate to DVB

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ပတ်သက်လို့ သိကျွမ်းခဲ့ဖူးတာမှန်ပေမဲ့ သူနဲ့အတူ တရားမဝင်စီးပွားရေးတွေ ပူးပေါင်းဆောင်ရွက်ဖူးခြင်းမရှိကြောင်း ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်းက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် မြန်မာခရိုနီ လက်နက်ပွဲစား  ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ စက်တင်ဘာ ၁၇ ရက် က   ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ ၄ ဦးဆီက ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ထွန်းမင်းလတ်ဟာ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်နဲ့ သတ္တုတွင်းလုပ်ငန်းတွေအပြင်  မြန်မာစစ်ကောင်စီအတွက် လက်နက်ပစ္စည်းတွေဝယ်ပေးတဲ့ ပွဲစားအဖြစ်လူသိများသူဖြစ်ပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ဟိုတယ်လုပ်ငန်းပိုင်ဆိုင်ခဲ့ဖူးတဲ့ ထိုင်းလွှတ်တော်အမတ် မစ္စတာအူပါကစ်ဟာ ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်သူအဖြစ် သံသယရှိကြောင်း သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ထွန်းမင်းလတ်ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုတောင် သူသေချာမသိခဲ့ကြောင်းနဲ့ အခုမှ သတင်းတွေကို လိုက်ပြီးလေ့လာနေရကြောင်း  ထိုင်းလွှတ်တော်အမတ် အူပါကစ်က ပြောပါတယ်။

လက်နက်ရောင်းဝယ်ရေးကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ကြောင်းနဲ့ ထွန်းမင်းလတ်ကိုလည်း မြန်မာစစ်ကောင်စီနဲ့ ပစ္စည်းရောင်းချသူတွေကြားက ညှိနှိုင်းသူ ကိုယ်စားလှယ်အဖြစ်သာ သိရှိထားကြောင်း  အူပါကစ်က ပြောပါတယ်။

“လွန်ခဲ့တဲ့ရှစ်နှစ်က ကျနော့်မိဘတွေဆုံးသွားတဲ့ အချိန်ကစပြီး ကျနော်ဗုဒ္ဓရဲ့အဆုံးအမတွေကို သေချာလိုက်နာခဲ့ပါတယ်။ ကုသိုလ်တွေလုပ်ပြီး ပါဏာတိပါတာကံကိုလည်း မကျူးလွန်တော့ပါဘူး။ ဒီလိုစီးပွားရေးမျိုးကို ကျနော်စိတ်ဝင်စားဖို့ အကြောင်းလည်းမရှိပါဘူး။”

တာချီလတ်မှာ ဟိုတယ်လုပ်ငန်းကိုပိုင်ဆိုင်ခဲ့ပေမယ့် လွှတ်တော်အမတ်ဖြစ်မလာခင် ၂၀၁၅ ခုနှစ်မှာ ပြန်လည်ရောင်းချခဲ့ပြီး တာချီလတ်ကို မရောက်ဖြစ်တာ ရှစ်နှစ်ရှိပြီလို့ ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။ 

“လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အေဂျင်စီက ကျနော့်ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီးတော့မှ လွှတ်တော်အမတ်ဖြစ်ခဲ့တာပါ။ ကျနော့်မှာလျှို့ဝှက်ထားစရာ ဘာမှမရှိပါဘူး”လို့ အူပါကစ်က ပြောတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းမှာရေးသားဖော်ပြပါတယ်။

Graphic-Justice for Myanmar

မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ဟာ လက်ရှိထိုင်းအထက်လွှတ်တော်အမတ်ဖြစ်တဲ့  အူပါကစ်အပါအဝင် သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ခဲ့တဲ့ စီးပွားရေးကွန်ရက် Allure Group ကတဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။ 

Allure ကုမ္ပဏီက  ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ  ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားပါတယ်။

ထွန်းမင်းလတ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့  လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့  လက်နက်ပွဲစားတစ်ဦး ဖြစ်ပါတယ်။

Allure နဲ့ Star Sapphire Group ကနေ တဆင့် ထွန်းမင်းလတ်ဟာ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့  နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေပါတယ်။

ထွန်းမင်းလတ်ဟာ Myanmar Business Consultant Group Ltd  မှာ ဒါရိုက်တာ၊  ရှယ်ယာရှင်တစ်ဦးအနေနဲ့ မဟုတ်တော့ပေမယ့် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ အဲဒီစီမံကိန်းက  စက်ရုံတစ်ရုံရဲ့ မြေနေရာဟာ စစ်တပ်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားတာ ဖြစ်ပါတယ်။

သြဂုတ်လ၂၄ ရက်နေ့မှာ ယူကေက Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ပေးတာနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူဖြစ်စေတဲ့ ငွေကြေးပံ့ပိုးမှုတွေ လုပ်တာကြောင့်  ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။

Ref- BangkokPost/ Justice For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013