
တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၇ ယောက် လွတ်ရက်စေ့လို့ စက်တင်ဘာ ၂၂ ရက် မနက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
လွတ်မြောက်လာသူတွေမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူတွေဖြစ်ပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ဦးဝင်းဇော်ထိုက်၊ ကိုမြတ်မောင်ကျော်၊ ကိုသန်းထိုက်စိုး၊ ကိုလင်းထက်ကျော်၊ မမိုမိုးစန်း၊ မအိအိမိုးနဲ့ မရတနာမိုးတို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လဆန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်စဉ် စစ်ကောင်စီက စစ်ကြောင်းဖြိုခွဲပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ DPPN တာဝန်ရှိသူတယောက်ထံက သိရပါတယ်။
ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ကိုမျိုးမင်းလတ်လည်း လွတ်ရက်စေ့လို့ စက်တင်ဘာ ၁၄ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၀၀ ကျော်နဲ့ အမျိုးသမီး ၄၀ ကျော်ရှိပြီး အမိန့်မချရသေးဘဲ ဖမ်းဆီးခံထားရသူလည်း ၂၀၀ နီးပါးရှိတယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။
အမှုအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊ အချုပ်သား ၁,၀၀၀ ကျော်ရှိတဲ့ ထားဝယ်အကျဉ်းထောင်မှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ အကြောင်းပြချက်နဲ့ အစားအသောက် လျှော့ချခံနေရတယ်လို့လည်း DPPN ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။