
မြန်မာနိုင်ငံသား ၅ ယောက် အပါအဝင် ၇ ယောက်ကို လက်နက်တွေနဲ့အတူ မီဇိုရမ်ပြည်နယ်ထဲက စီရာဟာခရိုင်ထဲမှာ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက တော်လှန်ရေးတပ်ဖွဲ့တွေဆီပို့မယ့် လက်နက်ရိက္ခာတွေ သယ်ဆောင်လာချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ရေးသုံး လက်နက်ကိရိယာတွေကို ကားနှစ်စီးထဲကနေ ဖမ်းမိခဲ့တဲ့ အဲဒီစစ်ဆေးရေးကို အာဆမ်ရိုင်ဖယ်တပ်ဖွဲ့နဲ့အတူ စီရာဟာရဲအရာရှိတွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
စီရာဟာခရိုင်ဟာ မြန်မာစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ စစ်တပ်သုံး အရည်အသွေးရှိတဲ့ ရေဒီယိုအသံဖမ်းစက်တွေ၊ တိုက်ခိုက်ရေးသုံး လက်အိတ်တွေ၊ လေသေနတ်နဲ့ လေသေနတ်ကျည်ဆန်တွေ၊ စစ်ဝတ်စုံနဲ့ စစ်ဖိနပ်တွေဖြစ်ပြီး တန်ဖိုးအားဖြင့် အိန္ဒိယရူပီး ၁၆ သိန်းနီးပါးခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးနိုင်ခဲ့တာကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးရရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ လူ ၇ ယောက်ကိုတော့ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ စီရာဟာရဲဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီလထဲမှာလည်း စီရာဟာခရိုင်ထဲမှာပဲ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးရရှိခဲ့ပြီး အဲဒီဖောက်ခွဲရေးပစ္စည်းတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကူညီပေးနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့အတွက် သယ်ဆောင်ခဲ့ကြတာလို့ အိန္ဒိယနိုင်ငံ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြောပါတယ်။