
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မြို့မှာ မေ ၁၆ ရက်က ရထားတိုက်မှုကြောင့် အများပြည်သူသုံး ဘတ်စ်ကားတစီး မီးလောင်ခဲ့လို့ လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စီရိပွန်းအန်ကာဆာကူလ်ကီယက်က ဖြစ်ရပ်ရဲ့ အခြေအနေတွေကို စပြီး စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။
ကနဦး အစီရင်ခံစာတွေအရ ဘတ်စ်ကားဟာ မီးနီချိန်မှာ ရထားလမ်းပေါ်မှာ ရပ်နေခဲ့ပြီး ရထားလမ်းကူးက အရံအတားက ပိတ်လို့မရအောင် တားထားသလို ဖြစ်ခဲ့တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ကုန်သေတ္တာတွေကို တင်လာတဲ့ ရထားက ဘတ်စ်ကားနဲ့ မတိုက်မိအောင် အချိန်မီ မရပ်နိုင်ခဲ့ဘူးလို့ သူက ထပ်ပြောပါတယ်။
ဘတ်စ်ကားနဲ့အနားက ယာဉ်တွေ မီးလောင်သွားချိန်မှာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။
ယာဉ်တိုက်မှုမှာ ရထား၊ ဘတ်စ်ကား၊ အိမ်စီးကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေပါ ပါတယ်လို့လည်း သူက ထပ်ပြောပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရေပိုက်တွေနဲ့ မီးငြှိမ်းသတ်နေချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို အပျက်အစီးတွေကြားကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
မီးကို အခု ထိန်းချုပ်နိုင်ပြီဖြစ်ပြီး အဖွဲ့တွေဟာ ပတ်ဝန်းကျင်ကို အအေးပေးခြင်း၊ ဓာတ်ငွေ့တွေ ထုတ်လွှတ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆက်ရှာတာတွေ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။











