DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ် News Feed ပုံစံသစ် အကောင်အထည်မဖော်ရန် မာ့ခ်ဇူကာဘတ်ကို မြန်မာမီဒီယာ အဖွဲ့အစည်း ၄၀ ကျော် တိုက်တွန်း
DVB
·
September 22, 2022
ဖေ့စ်ဘွတ်ခ် News Feed ပုံစံသစ် အကောင်အထည်မဖော်ရန် မာ့ခ်ဇူကာဘတ်ကို မြန်မာမီဒီယာ အဖွဲ့အစည်း ၄၀ ကျော် တိုက်တွန်း
Donate to DVB

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ရဲ့ News Feed ပုံစံသစ် အစီအစဥ်ဟာ သတင်းမီဒီယာတွေကို ဆင်ဆာဖြတ်တောက်ဖို့ ခြိမ်းခြောက်နေပြီး သတင်းတုတွေ ပြန့်ပွားတာကို တွန်းအားပေးနေတာကြောင့် ဒီပုံစံအသစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည်မဖော်ဖို့ သတင်းမီဒီယာတိုက်နဲ့ မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း ၄၃ ခုက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းမှုကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်နေတဲ့ အကျပ်အတည်းကို  ကြုံတွေ့နေရပြီးဖြစ်တဲ့ မြန်မာလူထုနဲ့ သတင်းမီဒီယာတွေအတွက် ဖေ့စ်ဘွတ်ခ်ရဲ့ News Feed ပြုပြင်မွမ်းမံမှုပုံစံဟာ ဘယ်လို ဆိုးရွားစွာ ထပ်မံထိခိုက်နိုင်တယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်း တောင်းဆိုလိုက်တာဖြစ်ပြီး ဒီ ပူးတွဲ သဘောထား ထုတ်ပြန်ချက်ကို ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဆီကိုလည်း ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် ၂၀၂၁ ခုနှစ် အစောပိုင်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အနေနဲ့ သုံးစွဲသူတွေရဲ့ News Feed ပေါ်မှာ အများပြည်သူ အရေးအရာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ ဖော်ပြမှုတွေကို လျှော့ချဖို့အတွက် သူတို့ရဲ့ အယ်လ်ဂိုရစ်သမ် ပြုပြင်မွမ်းမံမှုကို နိုင်ငံတချို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးခြယ်လှယ်မှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ယူဆရပြီး အများပြည်သူနဲ့ဆိုင်တဲ့ အကြောင်းအရာတွေလို့ ဆိုရာမှာတော့ ပဋိပက္ခတွေကအစ ကိုဗစ်-၁၉ ကိစ္စတွေအထိ အရေးကြီးတဲ့ ခေါင်းစဥ်များစွာ လွှမ်းခြုံပါဝင်နေတယ်လို့ ဆိုပါတယ်။

မကြာခင်မှာတော့ မြန်မာနိုင်ငံမှာ မိတ်ဆက်တော့မယ့် News Feed ပြုပြင်မွမ်းမံမှု ပုံစံအသစ်ဟာ သတင်းအချက် ရယူသိရှိနိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်မှု အပါအဝင် လူ့အခွင့်အရေးတွေကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် ဂေဟစနစ်ဟာ ဖေ့စ်ဘွတ်ခ်က သူတို့ရဲ့ News Feed ပြပြင်မွမ်းမံမှု ပုံစံအသစ်ကို စမ်းသပ်ခဲ့တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ သတင်းအချက်အလက် ဂေဟစနစ်တွေနဲ့ ဆင်တူခြင်းမရှိကြောင်းနဲ့ ဒီမိုကရေစီနိုင်ငံတွေက လူတွေဟာ အများပြည်သူနဲ့ဆိုင်တဲ့ အကြောင်းအရာတွေအတွက် တီဗီွ၊ ရေဒီယို၊ သတင်းစာ၊ ပြည်သူပိုင် ဆန္ဒထုတ်ဖော်စုဝေးရာ နေရာတွေကို အသုံးပြုနိုင်ပေမဲ့ မြန်မာပြည်သူတွေမှာတော့ အဲဒီလို ရွေးချယ်စရာမရှိဘူးလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ရဲ့ လက်ရှိ အယ်လ်ဂိုရစ်သမ်ဟာ လူတဦးချင်းစီရဲ့ News Feed တွေကို သူတို့ အရင်က ဖော်ပြခဲ့တဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေအပေါ် မူတည်ပြီးတော့ ဖန်တီးနေပြီး အယ်လ်ဂိုရစ်သမ်ကို အများပြည်သူနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို လျှော့ချဖို့ ပြုပြင်မွမ်းမံလိုက်တာက မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ကြားဖြတ်နှောင့်ယှက်တာ ဖြစ်တဲ့အတွက် မြန်မာလူထုက အများပြည်သူနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို လွန်စွာတောင့်တနေရချိန်မှာ အန္တရာယ်ရှိတဲ့ စာတည်း တည်းဖြတ်မှုတခုကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လိုက်တာ ဖြစ်တဲ့အတွက် အဆိုပါလုပ်ဆောင်ချက်က မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ကြည့်ရှုမှုနှုန်းထား လျှော့ချခြင်းက သတင်းစာတွေ ပုံနှိပ်တာကို အွန်လိုင်းပြင်ပမှာ ပိတ်ဆို့တားဆီးတဲ့ ပုံစံနဲ့ တူညီစွာ ဒီဂျစ်တယ်နည်းအရ ဟန့်တားနှောင့်ယှက်တာ ဖြစ်တဲ့အတွက် ဆင်ဆာဖြတ်တောက်မှုပဲဖြစ်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ချိုးဖောက်လိုက်တာဖြစ်တဲ့အပြင် ဖေ့စ်ဘွတ်ခ်ပေါ်က ပရိသတ်တွေကို မှီခိုနေရတဲ့ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှုတခုလုံးကိုပါ ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

News Feed ပြုပြင်မွမ်းမံမှု ပုံစံသစ်က တချို့နိုင်ငံတွေက အများပြည်သူကို အကျိုးပြုနိုင်ပေမဲ့ တချို့နိုင်ငံတွေမှာတော့ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေနိုင်ကြောင်းနဲ့ ဖေ့စ်ဘွတ်ခ်အနေနဲ့ အဆိုပြုထားတဲ့ News Feed ပြုပြင်မှုပုံစံအသစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည်မဖော်ဖို့၊ အနာဂတ်မှာ ပြုလုပ်မယ့် အထွေထွေမွမ်းမံပြုပြင်မှုတွေမှာလည်း မပြုလုပ်ခင်ကတည်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်စွာဆွေးနွေးဖို့၊ ရေခံမြေခံအလိုက် လူ့အခွင့်အရေး ဆိုင်ရာ ဆန်းစစ်လေ့လာချက်တွေ ပြုလုပ်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်းမီဒီယာတိုက်နဲ့ မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း ၄၀ ကျော်ထဲမှာ Free Expression Myanmar (FEM)၊ အသံအဖွဲ့၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊  ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ Myanmar Now၊  Mizzima၊  ဧရာဝတီ၊ ရန်ကုန်ခေတ်သစ်၊ နိုင်ငံတကာမြန်မာသတင်း (BNI) စတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာ ၈ ခုကို တရားဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေဟာ အဘက်ဘက်က ပိတ်သိမ်းခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ချိုးဖောက်ခံရမှုတွေကြား အွန်လိုင်းပလက်ဖောင်းတွေပေါ်ကနေ ရဲရဲရင့်ရင့် တင်ဆက်နေကြတဲ့ မီဒီယာတွေကတဆင့် သတင်းအချက်အလက်တွေကို စောင့်ကြည့်နေကြရတာပါ။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013