DVB Logo
Home
မြန်မာသတင်း
PDF၊ ပကဖ၊ LDF ညီညွတ်ရေး လက်တွဲပူးပေါင်းလုပ်ဆောင်ရန် NUG ဝန်ကြီးတိုက်တွန်း
DVB
·
September 22, 2022
PDF၊ ပကဖ၊ LDF ညီညွတ်ရေး လက်တွဲပူးပေါင်းလုပ်ဆောင်ရန် NUG ဝန်ကြီးတိုက်တွန်း
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အလုပ်အကိုင်၊ ခရီးသွားလာ ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်မှု မရှိစေအောင် သတိထားဆောင်ရွက်ကြဖို့နဲ့ PDF၊ ပကဖ၊ LDF ညီညွတ်ရေးအတွက် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က  တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ  ၂၁ ရက်က  ရေဒီယို NUG အသံလွှင့် အစီအစဥ်အဖြစ်  PDF ရဲဘော်တွေထံ တိုက်တွန်းပြောကြားလိုက်တာလို့   NUG ကာကွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တရားဝင်ပြည်သူ့အစိုးရနဲ့ တရားဝင် ပြည်သူ့တပ်မတော် ဖြစ်တဲ့အားလျော်စွာ တစ်ဘက်က စစ်ကောင်စီယန္တရားကို ရှင်းလင်းဖယ်ရှားရင်း တစ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်လာတာနဲ့အမျှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရတာ၊ ပြည်သူ့လုံခြုံရေး အစီအမံတွေ ချမှတ် အကောင်အထည်ဖော်ရတာမှာ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်စနစ် ကျင့်သုံး ဖော်ဆောင်ရတာတွေရှိလာမှာဖြစ်ပေမဲ့ ဒီဆောင်ရွက်ချက်အားလုံးဟာပြည်သူကို မျက်နှာမူတဲ့ ဆောင်ရွက်ချက်တွေဖြစ်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးထူထောင်မှုဟာ ပြည်သူကို အပေါ်စီးကတက်ပြီး အုပ်ချုပ်တာမျိုးမဟုတ်ဘဲ  ပြည်သူကိုယ်တိုင် ထောက်ခံ ပါဝင်တဲ့  ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ရမယ်လို့ ဝန်ကြီးကပြောပါတယ်။ 

စစ်ရေးဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နောက်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့မပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းတွေကို  ထိခိုက်မှု မရှိစေရေး သတိထားဆောင်ရွက်ကြရမယ်၊ လုံခြုံရေးအစီအမံတွေဟာလည်း ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင် ဆောင်ရွက်ကြရမယ်။ ရပ်ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့ နေ့စဥ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေ အနှောက်အယှက်ဖြစ်တဲ့အထိ ကားလမ်း၊ ရေလမ်းတွေ တားဆီးစစ်ဆေးတာ၊ အခွန်ကောက်တာ၊ စီးပွားရေးလုပ်ငန်းတွေကို အတင်းအကျပ် စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာတွေကို အထူး ရှောင်ကြဥ်ကြဖို့လည်း ဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောပါတယ်။

မကြာသေးခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေစိုးမိုးထားတဲ့ နယ်မြေတချို့မှာ ခရီးသွားပြည်သူတွေကို အတင်းအကျပ်စစ်ဆေးတာ၊ ဆက်ကြေးတောင်းတာ၊ ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ  ဒေသခံရွာသားတွေကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေ ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပကဖ ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လူထုစည်းရုံးရေးနဲ့ တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေးလုပ်ဆောင်ကြဖို့၊ တစ်ဖက်မှာ လူငယ်တွေ ပြည်သူတွေ ကိုယ့်အစီအစဥ်နဲ့ကိုယ် ၊ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်  အမည်အမျိုးမျိုးခံယူပြီး ပေါ်ပေါက်လာတဲ့ ဒေသဆိုင်ရာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ LDF တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပဲ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့၊ PDF၊ ပကဖ၊ LDF ညီညွတ်ရေး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပကဖတာဝန်ရှိသူတွေ LDF ခေါင်းဆောင်တွေနဲ့ မြေပြင်မှာ တွေ့ဆုံညှိနှိုင်းကြဖို့ ဝန်ကြီးကတိုက်တွန်းပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေပြီး LDF ခေါင်းဆောင်တွေအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း  NUG ကာကွယ်ရေးဝန်ကြီးက အသိပေးပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013