DVB Logo
Home
မြန်မာသတင်း
ရွှေအရောင်းအဝယ် ဘဏ်စနစ်ဖြင့်ပေးချေမှု မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်ဟု ရွှေလုပ်ငန်းရှင်များပြော
DVB
·
September 21, 2022
ရွှေအရောင်းအဝယ် ဘဏ်စနစ်ဖြင့်ပေးချေမှု မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်ဟု ရွှေလုပ်ငန်းရှင်များပြော
Donate to DVB

ရွှေတုံး၊ ရွှေခဲအရောင်းအဝယ်ကို ဘဏ်စနစ်နဲ့ မဖြစ်မနေလုပ်ဖို့ စစ်ကောင်စီက ဖိအားပေး ဆောင်ရွက်မယ်ဆိုရင် အရောင်းအဝယ်တွေ လျော့ကျသွားနိုင်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

“အရင်ကတော့ ငွေသားနဲ့ချည်းပဲ ပေးချေပြီး အရောင်းအဝယ်လုပ်ကြတယ်။ ဘဏ်နဲ့ မဖြစ်မနေ လုပ်ရမယ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်၊ ဖမ်းဆီး အရေးယူမယ် ဆိုရင်တော့ အရောင်းအဝယ်လျော့သွားနိုင်တယ်။ ဒါကတော့ သေချာတယ်။ မှောင်ခိုတွေလည်း ပေါ်လာမှာပေါ့” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ  ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဘဏ်စနစ်နဲ့သာ ငွေပေးချေဖို့ ဆောင်ရွက်မယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် တာဝန်ရှိသူက ပြောကြားခဲ့တာပါ။

စစ်ကောင်စီ ဗဟ်ိုဘဏ်ဟာ  ရွှေနဲ့ အိမ်ခြံမြေ အရောင်းအဝယ် အပါအဝင် ငွေကျပ် သိန်း ၂၀၀ ထက်ပိုတဲ့ ငွေပေးချေမှုအားလုံးကို  ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဆန်းပိုင်းက တကြိမ် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်းအခက်အခဲကြောင့် ကုန်သည်လုပ်ငန်းရှင်တွေရဲ့ လိုက်ပါ ဆောင်ရွက်မှု  နည်းနေတာပါ။

“ရွှေအတုံး၊ အရောင်းအဝယ်တင်မဟုတ်ဘူး၊ အိမ်ခြံမြေအရောင်းအဝယ်ရော၊ အကုန်လုံး သိန်း ၂၀၀ ထက်ကျော်ရင် အကုန်ဘဏ်စနစ်နဲ့လုပ်ဖို့ သူတို့ပြောထားတာ ကြာပါပြီ။ အခုထိတော့ သိပ်လိုက်လုပ်ကြတာ မတွေ့သေးပါဘူး။ အခုက နောက်တခေါက်ထပ်ပြောတာပေါ့နော်” လို့  ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဘဏ်စနစ်နဲ့ ရွှေတုံးအရောင်းအဝယ် ပြုလုပ်ရာမှာ အရင်က အဆင်ပြေမှုရှိခဲ့ပေမဲ့ ပုံမှန် ပြန်မဖြစ်သေးတဲ့ လက်ရှိဘဏ်လုပ်ငန်း အခြေအနေအရ ကုန်သည်တွေဟာ ငွေသားနဲ့သာ ပေးချေပြီး အရောင်းအဝယ်တွေကို ပြုလုပ်နေကြတာလို့ သိရပါတယ်။

ရွှေဆိုင်လုပ်ငန်းရှင် တဦးက “ဟိုတုန်းကလည်း ဘဏ်စနစ်လေး တော်တော်အောင်မြင်ခဲ့ဖူးတယ်။ ငွေထုတ်ပိုက်သွားစရာမလိုဘူး။ အဆင်ပြေကြတယ်ပေါ့။ နောက်ပိုင်း ဘဏ်တွေက အခက်အခဲ ဖြစ်တာနဲ့ ဘာနဲ့ဆိုတော့ အဲစနစ်ကပျောက်သွားတယ်။ အခုမှ ပြန်လုပ်တယ်။ အရင်ကနဲ့ ခုနဲ့ မတူတာက အခုက ဘယ်လို စည်းကမ်းချက်တွေ ပါလာဦးမယ်မှန်း မသိဘူးလေ။ အရင်ကတော့ ဘာစည်းကမ်းချက်မှမရှိဘူး။ အဆင်ပြေခဲ့တယ်၊ အခုတော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူးပေါ့နော်” လို့ မှတ်ချက်ပြုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်နည်းလာပြီး ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာကနေ ဘဏ်တွေမှာ ငွေသားရှားပါးတာကြောင့် ဘဏ်အသုံးပြုသူတွေကို ငွေလိုသလောက် ထုတ်မပေးနိုင်ခဲ့ပါဘူး။

လက်ရှိမှာ ငွေသားထုတ်ယူဖို့ အရင်ထက် ပိုလွယ်ကူလာပေမဲ့ ငွေထုတ်ယူခွင့်ရှိတဲ့ အကြိမ်ရေနဲ့ ငွေသားပမာဏကတော့ ကန့်သတ်ထားဆဲပါ။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ် အောက်တိုဘာလတုန်းကလည်း ဘဏ်မှာ ရွှေအပ်နှံပြီး Paper Gold Certificate   နဲ့ အရောင်းအ၀ယ်ပြုလုပ်တဲ့ စနစ်တခု ဆောင်ရွက်မယ်လို့ ရန်ကုန်ရွှေအသင်းက အသိပေးထုတ်ပြန်ခဲ့ပေမဲ့  လက်ရှိအချိန်ထိ အဲဒီအစီအစဉ် စတင်နိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013