DVB Logo
Home
မြန်မာသတင်း
ဆမွတ်ပရကန်တွင် မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
September 21, 2022
ဆမွတ်ပရကန်တွင် မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
1 / 3
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဘန်ဘော်မြို့နယ်ရှိ ငါးသေတ္တာစက်ရုံမှာ မြန်မာ ရွှေ့ပြောင်းလုပ်သား အယောက် ၁၁၀ ရုတ်တရက် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က ပြောပါတယ်။

စက်ရုံမန်နေဂျာက သူတို့ကို အလုပ်မခန့်တော့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က ပြောခဲ့ပြီး မနေ့မနက် ၈ နာရီလောက်မှာ အလုပ်ရုံကိုလာတော့ အထဲပေးမဝင်တော့ကြောင်း၊ အဲဒါကို မကျေနပ်လို့ အလုပ်သမားတွေဟာ NUG အစိုးရနဲ့ အလုပ်သမားအဖွဲ့တွေ လာရောက်ကူညီပေးဖို့ ဆိုင်းဘုတ်ထောင်ပြီး အလုပ်ရှင်အား ဆန္ဒပြခဲ့တယ်လို့ AAC အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က ဆိုင်းဘုတ်တွေထောင်ပြီး ဆန္ဒပြသလို ကျနော်တို့အဖွဲ့ကိုလည်း လှမ်းပြီး ဆက်သွယ် အကူအညီ တောင်းခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့လည်း NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနကို အကြောင်းကြားတယ်။ ပြီးတော့ CDM လုပ်ထားတဲ့ အလုပ်သမား သံအရာရှိဟောင်း ဦးဝေလင်းမောင်နဲ့အတူ ကွင်းဆင်းပြီး ညှိနှိုင်းဖြေရှင်းပေးပါတယ်။ သူတို့ကို ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ဖြုတ်ပစ်တဲ့အတွက် နစ်နာကြေး တောင်းဆိုခဲ့တယ်။ နောက် အလုပ်သမားကတ် စာရွက်စာတမ်းကိစ္စ အပြီးလုပ်ပေးဖို့ရောပေါ့။ နစ်နာကြေး မပေးချင်တဲ့အခါကျတော့ စက်ရုံက သူတို့ကို အလုပ်မဖြုတ်တော့ဘူးလို့ ပြန်ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လုပ်ငန်းခွင်ထဲ မနေချင်အောင် ပညာပြခံရမှာကို အလုပ်သမားတွေက ကြိုသိနေတော့ ဆက်မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ဆမွတ်ပရကန် ခရိုင်အလုပ်သမားကာကွယ်ရေးရုံးမှာ တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။”

အလုပ်သမားတွေဘက်ကနေ ကျန်ရှိလုပ်အားခတွေ အကုန်ရှင်းပေးဖို့၊ ကြိုတင်အကြောင်း မကြားဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံရလို့ နစ်နာကြေး လစာ ၁ လစာပေးဖို့၊ အလုပ်ရှင်နဲ့ မှတ်ပုံတင်ထားတဲ့ အလုပ်သမားကတ်၊ နေထိုင်ခွင့်လက်မှတ်ကိစ္စ အပြီးအစီး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

လတ်တလော မြန်မာပြည်ကနေ အမ်အိုယူ အလုပ်သမားကတ်နဲ့ ဝင်ရောက်လာမယ့် အလုပ်သမားတွေ အများအပြားရှိနေပြီး သူတို့ကိုလက်ခံဖို့အတွက် အထောက်အထား မပြည့်စုံသေးသူတွေ၊ လုပ်လို့မပြီးပြတ်သေးသူတွေကို အလုပ်ဖြုတ်ပစ်တာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

တဖက်ကလည်း အလုပ်ရှာဖွေပေးတဲ့ ပွဲစားတွေဟာ သူတို့လက်ထဲက အလုပ်သမားတွေကို ဟိုရွှေ့ဒီပြောင်း မကြာခဏလုပ်နေလို့ အလုပ်သမားတွေမှာ အခက်အခဲ ကြုံနေရတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013