DVB Logo
Home
မြန်မာသတင်း
စစ်တပ်သိမ်းယူထားသည့် မန္တလေး မြေနေရာများကို NUG အစိုးရစတင်ရောင်းချ
DVB
·
September 20, 2022
စစ်တပ်သိမ်းယူထားသည့် မန္တလေး မြေနေရာများကို NUG အစိုးရစတင်ရောင်းချ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်အဖြစ် နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment ကို စတင်ရောင်းချတော့မယ်လို့ ကြေညာပါတယ်။

ဒီအစီအစဉ်မှာတော့မှာ နွေဦးနှင်းဆီ၊ နွေဦးတောင်ရိပ်ညိုနဲ့ နွေဦးရောင်စဉ်ဆိုတဲ့ စီမံကိန်း ၃ ခု ပါဝင်မှာဖြစ်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့ အညီ စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် နွေဦးမန္တလေး စီမံကိန်းမှ မြေကွက်တွေကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ဝယ်ယူနိုင်မှာဖြစ်ကာ တော်လှန်ရေးအလွန် ကာလမှာ နွေဦးမန္တလေးမြေကွက်တွေကို နိုင်ငံခြားသား မြေပိုင်ဆိုင်မှု အာမခံတဲ့ သီးသန့်အမိန့်ဒီဂရီ ဥပဒေတွေ ပြဋ္ဌာန်းထားပြီး တော်လှန်ပြည်သူတွေ အကျိုး ဖြစ်ထွန်းစေဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးနှင်းဆီစီမံကိန်းကတော့ မဟာအောင်မြေမြို့နယ်၊ အောင်ဆန်းစုကြည်လမ်း တောင်ဘက်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး မြောက်ဘက်မှာ အောင်ဆန်းစုကြည်လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းကြား၊ တောင်ဘက်မှာ ၄၁ လမ်းအထိရှိတဲ့ မြေနေရာဖြစ်ပါတယ်။ မန္တလေးမြို့အတွင်းကို ဦးတည်ဝင်လာတဲ့ ၇၈ လမ်းမကြီးရဲ့ ဘေးမှာနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ နေရာကောင်းဖြစ်ပါတယ်။

နွေဦးတောင်ရိပ်ညိုစီမံကိန်းကတော့ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတောင် အရှေ့ဘက်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး မန္တလေးတောင်အရှေ့ဘက် တောင်ခြေပတ်လမ်းနဲ့ ၅၉ လမ်းကြားက သာယာပြန့်ပြူးတဲ့ လွင်ပြင်နေရာပဲဖြစ်ပါတယ်။ ပြည်သူ့အစိုးရက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာအဖြစ် ပြန်လည်ဖော်ထုတ်မယ့်၊ “ပြည်တော်ဝင်ပြီး နန်းသိမ်းမယ့်” နန်းတော်ရာ၊ ကျုံး၊ ယဉ်ကျေးမှု အမွေအနှစ် တွေရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။

နွေဦးရောင်စဉ်စီမံကိန်းကတော့ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့တောင်ဘက်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်အစပ် ရေတံခွန်တောင် စီမံကိန်းအလွန်၊ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင် မြေနေရာဖြစ်ပါတယ်။ ဆည်တော်မှ ရေပေးမြောင်းတွေ စီးဆင်းနေတဲ့ သာယာစိမ်းလန်းတဲ့ ဧရိယာ ဖြစ်ပြီးတော့ မြောက်ဘက်မှာ မန္တလေးနည်းပညာ တက္ကသိုလ်ဝင်း ရှိတဲ့ နေရာ ဖြစ်ပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးနှင်းဆီ စီမံကိန်း ပေ ၁၀၀ ပတ်လည်မြေကွက်ကို အမေရိကန်ဒေါ်လာ ၆ သိန်း၊  ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃ သိန်း သတ်မှတ်ထားပြီး နွေဦးတောင်ညို စီမံကိန်းမှာတော့ ပေ ၁၀၀ ပတ်လည်မြေကွက်ကို အမေရိကန်ဒေါ်လာ ၂ သိန်း၊   ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၈ သောင်း၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၄ သောင်းစီ အ သီးသီး သတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

နွေဦးရောင်စဉ်စီမံကိန်းမြေကွက်တွေကိုတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၄ သောင်း သတ်မှတ်ထားပြီး ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၂ သောင်းစီ အသီးသီး သတ် မှတ်ထားတယ်လို့ ဆိုပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေတာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013