DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရန် ကနေဒါတွင် ဆန္ဒပြ
DVB
·
September 18, 2022
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရန် ကနေဒါတွင် ဆန္ဒပြ
1 / 12
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားဖို့နဲ့ NUG အစိုးရကို ကုလသမဂ္ဂက တရားဝင်အသိအမှတ်ပြုဖို့ စက်တင်ဘာ ၁၇ ရက်က ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားပြည်သူတွေ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့လယ်ရှိ  အနုပညာပြတိုက်ရှေ့မှာစုရုံး ဆန္ဒပြတောင်းဆိုကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်လက်ခန့်ထားရေးဟာ ဒီကနေ့ မြန်မာပြည်အရေးအတွက်၊ တော်လှန်ရေးအတွက် အင်မတန်မှ သေရေးရှင်ရေးတမျှအရေးကြီးတယ်လို့ ဗန်ကူးဗားမြို့ ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့  ဦးဌေးအောင်က ပြောပါတယ်။ 

“ဒီနေ့ ကျနော်တို့လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အင်မတန်မှ မြန်မာပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေး သံတမန်ရေးအရ ထိုးဖောက်နိုင်မယ့်တိုက်ပွဲကို ဦးဆောင်သွားမယ့် NUG နဲ့ အဲဒီမှာ  NUG ကို ကိုယ်စားပြုပြီးတင်သွင်းထားတဲ့ ဦးကျော်မိုးထွန်းကို မြန်မာပြည်ရဲ့ ကိုယ်စားကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် ဝိုင်းဝန်းထောက်ခံပြီးတော့ တရားဝင် သံအမတ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကျနော်တို့လုပ်တဲ့ ကန်ပိန်းဖြစ်ပါတယ်။ မနှစ်ကဆိုရင် ကျနော်တို့ ဦးကျော်မိုးထွန်းက တရားဝင်သံအမတ်ဆိုပေမယ့်လုပ်ပိုင်ခွင့် အင်မတန်မှ အားနည်းခဲ့ပါတယ်။ အားနည်းခဲ့တဲ့ အဓိကအကြောင်းရင်းကလည်း  Credentials Committee  (ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့) အနေနဲ့ မြန်မာပြည်ရဲ့ သံအမတ်ကို ဘယ်သူ့ကိုပေးရမလဲဆိုတာကို မဆုံးဖြတ်ဘဲနဲ့ လက်ရှိသံမတ်တာဝန်ကိုပဲဆက်ပြီး   ရပ်တည်နေတဲ့အတွက် ဦးကျော်မိုးထွန်းအနေနဲ့ အင်မတန်မှ လုပ်ပိုင်ခွင့်အားနည်းခဲ့ပါတယ်။ ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကျနော်တို့ ဦးကျော်မိုးထွန်းကို   Credentials Committee ကနေ  သံအမတ်အဖြစ် ရွေးချယ်ပြီးတော့ ယူအန်ကနေ အသိအမှတ်ပြုတဲ့  သံအမတ်ကြီးအဖြစ် ရပ်တည်နိုင်ဖို့ ဒီကနေ့ကမ်ပိန်းကို ကျနော်တို့  တကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက် ပြည်တွင်းပြည်ပ အင်အားစုတွေစုပေါင်းပြီးတော့ လုပ်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တဲ့ မဇင်မာလွင်ကလည်း “ဦးကျော်မိုးထွန်းက ယူအန်ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ယူအန်ကို  ညီမတို့က ပြောချင်ပါတယ်။ ဦးကျော်မိုးထွန်းကို  ဆက်လက်ခန့်ပေးဖို့အတွက် ထောက်ခံတဲ့ဆန္ဒပြပွဲကိုလာပြီး တက်ရောက်တာ ဖြစ်ပါတယ်။ ဒါကအရမ်းအရေးကြီးပါတယ်။ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေကို မှန်မှန်ကန်ကန်နဲ့ ညီမတို့ဘက်ကနေရပ်တည်ပြီးတော့ တင်ပြပေးနိုင်တဲ့ ယူအန်ရဲ့ ပထမဦးဆုံးသော တဦးတည်းသောကိုယ်စားလှယ်ဖြစ်ပါတယ်။   အဲတော့ Military (စစ်တပ်) ဘက်ကလည်း သူတို့ကလည်း သူတို့ရဲ့ကိုယ်စားလှယ်ကို  ယူအန်မှာ အစားထိုးဖို့ လုပ်နေတဲ့အတွက် ညီမတို့ကလည်း ပြောချင်ပါတယ်၊ ဦးကျော်မိုးထွန်းကို ဆက်လက်ပြီးတော့ ခန့်ပေးဖို့အတွက် အဲဒါကြောင့်လို့ ဒီပွဲကိုလာရတာဖြစ်ပါတယ်”လို့ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒလာပြတာဖြစ်ပြီး  ယူအန်ကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန်ယူဂျီကိုယ်စား အသိအမှတ်ပြုပေးဖို့လည်းတောင်းဆိုတယ်လို့  ၈၈ ကျောင်းသားဟောင်း 2021 Burma Action Group Vancouver အဖွဲ့က ကိုမင်းနိုင်က ပြောပါတယ်။

“ဘာကြောင့်ထောက်ခံလဲဆိုတော့ ဒါက ကျနော်တို့ရဲ့ တော်လှန်ရေးအတွက် အရမ်းအရေးကြီးတယ်။ ဦးကျော်မိုးထွန်းကို ဒီလိုထောက်ခံရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူးပေါ့နော်။ အဓိကက  အန်ယူဂျီကိုထောက်ခံလိုက်ပြီဆိုရင် ဦးကျော်မိုးထွန်းက ယူအန်ရဲ့ သံအမတ်ကြီးတိုက်ရိုက်ဖြစ်ပေမဲ့ အန်ယူဂျီက တရားဝင်အစိုးရမဖြစ်သေးပါဘူး။ ကျနော်တို့က ဆက်ပြီးတော့ တဆင့်ချင်းသွားရမှာဖြစ်တယ်။ ဒါက ပထမခြေလှမ်းပေါ့ ဦးကျော်မိုးထွန်းကို အရင်ဆုံးကျနော်တို့ ထောက်ခံရမယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုပေးရမယ်။ ဒါမှသာ တဆင့်တက်ပြီးတော့ အန်ယူဂျီကို ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုလာမယ်။ ဒါမှ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးက အမြန်ဆုံးအောင်မြင်မယ်လို့ယုံကြည်တဲ့အတွက်၊  ဦးကျော်မိုးထွန်းကို လာထောက်ခံတယ်၊ ဦးကျော်မိုးထွန်းကတဆင့် အန်ယူဂျီကို ထောက်ခံဖို့  ကျနော်တို့ ဆက်ပြီးတိုက်တွန်းသွားမှာဖြစ်ပါတယ်။” 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ဖို့ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့    မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း တိုက်တွန်းထားသလို  မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံအသီးအသီးမှာ မြန်မာပြည်သူတွေက တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း  သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုကို စက်တင်ဘာ ၁၇ ရက်က ကျင်းပရာမှာ ဦးကျော်မိုးထွန်းကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013