DVB Logo
Home
Lead Story
ဝဋ်ကိုပုံချ အညံ့ခံရသည့် ဘဝဆိုးများ
DVB
·
September 17, 2022
ဝဋ်ကိုပုံချ အညံ့ခံရသည့် ဘဝဆိုးများ
Donate to DVB

အမျိုးသမီးကြီးတယောက် မထုံးချောင်းနံဘေးမှာ ထိုင်ရင်း ငိုနေသည်။ အသက်ခန့်မှန်းရခက်သည့် လောကဓံက နှိပ်စက်ခံထားရသူ အဘွားအိုတဦးရဲ့ ငိုကြွေးသံက နားဝမှာ မခံစားနိုင်။

သေချာမေးကြည့်ပါက ၆၀ ပင် မပြည့်သေးဟု သိရသည်။ အသက် ၅၀ ကျော်ခန့်သာ ရှိသော်လည်း ၆၀ ကျော် အမျိုးသမီးကြီးတယောက်အလား အရွယ်ရင့်ရော်သော ခန္ဓာပိုင်ရှင်။ အဖြူလို့ ပြောမရလောက်အောင် ဝါကြန့်ကြန့်ဖြစ်နေသည့် အဖြူရောင်မိန်းမဝတ်ကို အပေါ်ထပ် လက်ရှည်ဝတ်လျက် ဒေသရက်လုပ်တဲ့ ချည်ကြီးလုံချည် ညစ်ထပ်ထပ် ဝတ်ဆင်ထားသူ အမျိုးသမီးကြီးက သူ မမြင်လိုက်ရတဲ့ မြေးမဖြစ်သူရဲ့ ရုပ်အလောင်းကို မမြင်တွေ့လိုက်ရဘဲ တိုးတိုးတိတ်တိတ် ရေမျှောခံရသော နာရေးဖြစ်သည်က ကြုံရခဲသော်လည်း အာဏာသိမ်း စကစလက်အောက်မှာ သိပ်ထူးဆန်းသည်တော့ မဟုတ်တော့ဟု ပြောရမည်။ အလောင်းရေမျှောခံရသူသည် အသက် ၁၇၊ ၁၈ နှစ်ဝန်းကျင်သာ ရှိသေးသည့် မချစ်ဝါလှိုင် ဖြစ်သည်ဟု သိရသည်။ မိန်းကလေးငယ်သည် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစ လှသွေးကြွယ်သည့်အရွယ် ဖြစ်သည်ဟု သိရသည်။

သူက မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထိန်ကိုင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခု အောက်တိုဘာလမှာ PDF ကို ငွေထောက်ပံ့သည် ငွေအလှူလက်ခံသည်ဟု ဖုန်းနံပါတ်ကတဆင့် နေရပ်လိပ်စာအရ မင်းတုန်း စရဖနှင့် စကစက ဖမ်းဆီးကာ ခြောက်လှန့် အကျပ်ကိုင် ရိုက်နှက်စစ်ဆေးပြီး သရက်စစ်ကြောရေး အချုပ်ထောင်ကို ပို့ခဲ့သည်ဟု ဆိုသည်။

စစ်ကြောရေးတွင် ၂ လနီးပါး နှိပ်စက်ခံ စစ်မေးခံရပြီး ငွေကြေးအပေးအယူနှင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်ဟု သူနဲ့နီးစပ်သူတချို့က ပြောဆိုကြသည်။ စစ်ကြောရေးက လွတ်လာပြီးကတည်းက စိုးရိမ်ထိတ်လန့် ကယောက်ကယက်ပြောကာ စိတ်မူမမှန်ဘဲ အိမ်ပြန်ရောက်ခဲ့ရသည်ဟု ဆိုသည်။

“ကလေးမလေးက စိတ်မထင်ရင် ထအော်နေတာ။ အဲဒီလိုမလုပ်ပါနဲ့၊ ကြိုးနဲ့မတုပ်ပါနဲ့၊ သေနတ်နဲ့မထုပါနဲ့လို့ အမြဲအော်နေတာ။ သတိရသွားရင် ငြိမ်နေပြန်တယ်။ ဂနာမငြိမ်ဘူး” ဟု ထိုကလေးမ ဆေးရုံတက်စဥ်က တခန်းတည်းနေ ဆေးကုသခံ လူနာစောင့်တဦးက ပြောပြသည်။

သူလွတ်လာပြီး စိတ်ဂနာမငြိမ်ဖြစ်နေမှု၊ ကျန်းမာရေးမကောင်းမှုနဲ့ တကျော့ပြန် ဖမ်းဆီးခံရမှာကို ကြောက်လန့်သည်ကတကြောင်း၊ မြန်မာတို့ရဲ့ အယူအဆအရ ထောင်အချုပ်က ပြန်လာလျှင် သန့်စင်သွားအောင် ပြုမူကြလေ့ရှိတဲ့အတိုင်း အဝတ်လဲသည်ဟု ဒေသအဆိုအတိုင်း လယ်ရဲကျေးရွာက မေတ္တာဘာဝနာ ပွားများပြီး ပရိတ်တော်ကိုသာ အစဥ်ပူဇော်နေတတ်သည့် ပရိတ်ပူဇော်လျှင် ပရိတ်ရေများ လျှံကျတတ်သည့် လယ်ရဲကျောင်း ဆရာတော်ထံမှာ ဒုလ္လဘသီလရှင်ဝတ်ခဲ့ပြီး ဆရာတော်ရဲ့ မေတ္တာနှင့် ပရိတ်ရေတိုက်ကာ စိတ်ဒဏ်ရာကို ကုစားပေးခဲ့သည်ဟု ဆိုသည်။ အနည်းငယ် စိတ်တည်ငြိမ်စအချိန်မှာတော့ သီလရှင်ဘဝမှ လူထွက်ကာ ရွာသို့ပြန်ခဲ့ရာ လမ်းခရီးမှာ လက်နက်ကိုင်စစ်သားတချို့ကို တွေ့မြင်ခဲ့ရပြီး စိတ်ရောဂါ ပြန်ထလာသည်ဟု ဆိုသည်။

“ဒီတခါတော့ ပြင်းထန်တယ်။ လုံးဝလွတ်သွားတာ ဘယ်လိုမှ ထိန်းမရဘူး။ အဲဒီမှာ ဆေးရုံတင်ရတော့တာ” ဟု ထိန်ကိုင်းရွာခံတဦးက ပြောသည်။

သူရဲ့မိခင်သည်လည်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ကာ သမီး အဖမ်းခံရသည့်သတင်းကြောင့် အလုပ်မှခွင့်ယူကာ ခေတ္တပြန်လာခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်သွားခဲ့သည်ဟု ဆိုသည်။

“မသွားလို့မရဘူး၊ အကြွေးကလည်း မကျေသေးဘူး။ တချို့ဆို အိမ်ခြံတွေ အပေါင်ထား ငွေချေးပြီး သွားရတာ။ အဆင်ပြေပြေ မပြေပြေ ဟိုမှာ အလုပ်လုပ် ငွေရမှ ပြန်ကြရတာ” ဟု ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရသည့် အများစုဘဝ အခြေအနေကို ကိုယ်တိုင်ကြုံဖူးသူ အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ပြောပြသည်။

မချစ်ဝါလှိုင်ကို အဘွားဖြစ်သူက စောင့်ရှောက်ရင်း ဆေးရုံတင် ကုသခဲ့သော်လည်း ထပ်ဆင့်လမ်းညွှန်သည့် စိတ်ရောဂါကုဆေးရုံကို သွားရောက်ရန် ခက်ခဲသည့် အခြေအနေ များစွာကြောင့် မေတ္တာနဲ့ကုပေးသည့် လယ်ရဲကျောင်းဆရာတော်ထံသို့ ထပ်မံ ရောက်ရှိခဲ့ရပြန်သည်ဟု ဆိုသည်။

လယ်ရဲကျေးရွာတွင် သူရောက်ရှိနေစဥ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ရွာသူရွာသားများကို PDF နှင့်ပတ်သက်သော သတင်းစုံစမ်းရန်နှင့် စကစကောင်းကြောင်း တရားဟောရန် ရောက်လာသည့် လက်နက်ကိုင်စစ်သားတွေကို မြင်ပြီး စိတ်ဖောက်ပြန်မှု အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။

“သူက စစ်သားတွေကို မြင်ပြီး စူးစူးဝါးဝါးအော်တာ။ အဲဒီကနေ ဝိုင်းထိန်းရင်း ငြိမ်သွားတယ်။ ညနေကျ သူ ပျောက်သွားတယ်” ဟု လယ်ရဲကျေးရွာ ဒေသခံတဦးက ပြောသည်။

သူ့ကို စစ်မေးစဥ်ကလည်း သူထံမှ အခြားအဆက်အသွယ် တစုံတဦးမှ ထပ်မံ မပေါက်ကြားခဲ့ဘဲ သူသာ ခေါင်းခံခဲ့သည်ဟု သိရသည်။

ထိုဖြစ်စဥ်ကို စကစအဖွဲ့ဝင်တယောက်က အရက်ဆိုင်မှာ အရက်သောက်ရင်း ကဲ့ရဲ့စကားနဲ့အတူ ပြောဆိုရာက သူခေါင်းခံခဲ့သည်မှာ ထင်ရှားသည်ဟု ဆိုသည်။

“ကောင်မက အလှူခံတာ ဟုတ်တယ်။ ဒါပေမဲ့ အလှူငွေကို ဘယ်သူ့မှမပေးဘူး။ သူ သုံးပစ်လိုက်တယ်လို့ ထွက်တယ်။ လိမ်အလှူခံတာပေါ့။ ဟာသပဲ” ဟု ထိုစကစအဖွဲ့ဝင် တယောက်က ပြောဆိုခဲ့သည်ကို ဒေသခံတဦးက ပြန်ပြောပြသည်။

သူပျောက်ဆုံးစဥ်က ရွာရေချိုးဆိပ်နဲ့ ဘုန်းကြီးကျောင်း ရေဆိပ်တို့ အပါအဝင် အနီးအနား ရွာတွေမှာ ဒေသခံတို့ ကူညီရှာဖွေသော်လည်း ကိုယ့်ရွာ ကိုယ့်ဒေသ မဟုတ်တာနဲ့ တောင်သူအများ အလုပ်ကျချိန် ဖြစ်နေခြင်းကြောင့် ဖိဖိစီးစီးတော့ မရှာနိုင်ခဲ့ဟု ဆိုသည်။ သူ ပျောက်ဆုံးပြီး ၂ ရက်မြောက်နေ့တွင် လယ်ရဲရွာ အရှေ့ဘက် နတ်မောက်တောင်ဘုရား ရေဆိပ်အနီးတွင် ရေနစ်သေနေသော မိန်းကလေးရဲ့ အလောင်းကို တွေ့ရသည်။

လူသေမှုကို ယခင်အတွေ့အကြုံများအရ သေမှုသေခင်းကို မြို့နယ်ရဲက အမှုဖွင့် အလောင်းကို မိမိရွာအစီအစဥ်ဖြင့် မြို့ဆေးရုံပို့ ရင်ခွဲစစ်ဆေး စသည့်အလုပ်များကို ကာယကံရှင်က ကုန်ကျရသည်ဟု ဆိုသည်။ ယခုဖြစ်စဥ်မှာတော့ အားကိုးမရှိ၊ စားဝတ်နေရေး မပြေလည်သည့်ဘဝ၊ သူ့ရပ်သူ့ရွာမှာ ဘာမှမပြောနိုင်၊ ပြောရန်လည်း အားမရှိ ဖြစ်ခဲ့ရသည်ဆိုသည်။ တဖက်ကလည်း တောင်သူလုပ်ငန်း အချိန်ကောင်းနှင့် ယခုမှ ရွာသောမိုးကြောင့် အလုပ်ရှုပ်နေရစဥ်နှင့် မိမိရွာသူရွာသားမဟုတ်ဘဲ အလုပ်ပို ငွေကုန် လုပ်ရမည်ကို ဝန်လေးပြီး အလောင်းကို ရေစီးသန်ရာကနေ မိမိရွာနှင့်လွတ်ရာသို့ ဆက်မျှောလိုက်ရသည်ဟု စုံစမ်းသိရသည်။

“နွေဦးတော်လှန်ရေးမှာ လူမသိ သူမသိ အမည်မထင်ရှားဘဲ ကျဆုံးရတဲ့ ဖြစ်စဥ်တွေ အများကြီးရှိတယ်။ ဒီကလေးမလေးကို မှတ်တမ်းပြုစုထားပြီး အများသိ ဂုဏ်ယူနိုင်ဖို့ ‌ဖော်ထုတ်ကြပါလို့ နီးစပ်ရာမီဒီယာတွေကို တောင်းဆိုပါတယ်” ဟု တိမ်းရှောင် နိုင်ငံရေးသမားတဦးက ပြောသည်။

၂၀၂၁ အာဏာသိမ်းခံရပြီး နိုင်ငံနှင့်တဝန်းတွင် စကစရဲ့ မတရားသတ်ဖြတ်မှု၊ အလောင်းဖျောက်မှုတွေဟာ နေ့စဥ် သတင်းစာမျက်နှာများတွင် တွေ့မြင်နေရပြီး သြဂုတ် ၂၄ ရက်နေ့ကလည်း ဝေါမြို့ချောင်းထဲမှာ ခြေထောက်ကြိုးတုပ်လျက် လူသေအလောင်း မျောလာသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂,၂၇၃ ဦး ရှိခဲ့ပြီ ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂,၃၅၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၁,၄၅၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၈၄ ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ် ချမှတ်ခြင်း ခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထို့ကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ဦးရှိပြီ ဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ ၂၂ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ ၃,၁၁၂ ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်း အရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်နှင့် ကိန်းဂဏန်း အရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားပါမည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

AAPP အဖွဲ့က ပြောဆိုသလို မြေပြင်တွင် ဖြစ်ပွားသည့် အချက်အလက်နှင့် ကိန်းဂဏန်း အရေအတွက် ထို့ထက်ပိုနေနိုင်သည်ဟု ဆိုထားရာ ယခုဖြစ်စဥ်လိုမျိုးတွေအရ ဘယ်စာရင်းမှာ ပါဝင်ပြီး ဘယ်လောက်တောင် ရှိနေမည်ကို မည်သူမှ ပြောနိုင်မည်မဟုတ်ဟု ယူဆရပေမည်။

တသွင်သွင်စီးနေတဲ့ မထုံးချောင်းအောက်ပိုင်းတလျှောက်ကို မျှော်မှန်းကြည့်ရင်း မချစ်ဝေလှိုင်ရဲ့ အဘွားပါးစပ်က တဖွဖွ ရွတ်နေတာက “ဒါဟာ ဝဋ်ကြွေးလား၊ မဟုတ်ဘူး၊ ငါတို့မှ ရွေးခံစားရတာလား၊ ငါ့မြေးလေးလို မဖြစ်ကြပါစေနဲ့၊ ငါ့မြေးလေး ကောင်းရာဘဝရောက်ပါစေ” ဟု ရွတ်ဆိုရင်း ဦးခေါင်းထက်က ခပ်ကြမ်းကြမ်း နေပူခံ ခေါင်းပေါင်းတဘက်အစနှင့် မျက်ရည်တို့ကို သုတ်ရင်း တအိအိ တသိမ့်သိမ့် ကျိတ်ငိုကာ “ကလေးမရေ အမေကြီး ပြန်ပြီနော်” ဟုဆိုကာ ချုံးပွဲချ ငိုလိုက်တော့သည်ကို တွေ့ရသည်။ အခါလွန်မိုးက နေကျဲကျဲမှာ တဖွဲဖွဲ ရွာလျက်ရှိနေသည်။

ဒေးဗစ်ထန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013