DVB Logo
Home
ဆောင်းပါး
ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ မအလရဲ့တပ်  
DVB
·
July 17, 2024
ခွေးပြေးဝက်ပြေး ပြေးနေရတဲ့ မအလရဲ့တပ်  
Donate to DVB

VOA သတင်းတပုဒ်အဆိုအရ မအလကို အာဏာစွန့်ရန် နားချဖို့ တရုတ်က တိုက်တွန်းလို့ ခေါင်းတင်တဲ့ သတင်းတပုဒ် ဖတ်ရပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်က ဖိတ်ကြားစဥ်က နောက်ဆက်တွဲတွေ့ဆုံမှုမှာ တရုတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတာပါ။

ဒီသတင်း ထွက်ပေါ်တဲ့နေ့မှာပဲ နောင်ချိုက ဒုံးတပ်ရင်း ၆၀၆ ကို နေပြည်တော်ကလာတဲ့ စစ်ကူတပ်ပါမကျန် ထားခဲ့ရပြီး တောလမ်းက ခွေးပြေးဝက်ပြေး ပြေးရတယ်လို့ သတင်းဌာနတချို့မှာ တွေ့ရပါတယ်။

သန္ဓေမမှန်တဲ့ မအလ မင်းအောင်လှိုင် ဦးဆောင်နေသမျှ စစ်တပ်က အလဲလဲအကွဲကွဲနဲ့ သေကြ ပြတ်ကြ ပြေးကြ ဖြစ်နေမှာပါပဲ။ စစ်ပန်းနေတဲ့ အောက်ခြေစစ်သားတွေနဲ့ အလယ်အလတ်တွေက တကယ်တော့ စစ်တိုက်ဖို့ စိတ်ကုန်နေကြပါတယ်။ နှစ်နဲ့ချီပြီး မိသားစုနဲ့ မတွေ့ရတဲ့ပြဿနာ၊ အနားမရတဲ့ပြဿနာ၊ ယုံကြည်မှုမဲ့လာတဲ့ စိတ်ခံစားမှု၊ ဒါ့အပြင် ခွင့်ရက်ခံစားမှုနဲ့ မိသားစုကို ဆက်သွယ်ဖို့ပါ ကန့်သတ်ခံလာရတဲ့ကိစ္စ၊ တိုက်ပွဲမှာ သေခဲ့ရင်တောင် အလောင်းပြနိုင်မှ မိသားစုက သေဆုံးပင်စင် ခံစားရမယ့်ဘဝတွေ၊ မသေမချင်း ရတဲ့လခထဲက အကြောင်းအမျိုးမျိုးပြ ဖြတ်ချင်သလိုဖြတ်တဲ့ တပဲခြောက်ပြား လစာနဲ့ ကျိုးပဲ့ဒုက္ခိတ ဖြစ်ခံနေကြတာတောင် ဘာရည်ရွယ်ချက်နဲ့ ဆက်နေကြတာလဲလို့ မေးချင်လို့ ပြောပြမယ့်သူ ရှာလိုက်တော့ ဒေါ်စိန်အေးကျောင်း အပတ်စဥ် ၅၀ ကဆင်းတဲ့ ဗိုလ်ထွက်တယောက်နဲ့ ဆုံမိတယ်။

သူလည်း ပြန်ပြီး စစ်မှုထမ်းရမှာစိုးလို့ နေရာစုံရွှေ့နေသူပါ။ သူပြောပြတာက “ကျနော်တို့ ဗိုလ်လောင်းဘဝက သူက ကျောင်းအုပ်ကြီးဗျ။ ကျောင်းက ဆရာသမားတွေ၊ နည်းပြတွေက နောက်ကွယ်မှာ ကြောင်ချေးလို့ခေါ်တာ။ ဆရာတွေချင်း ပြောစကားအရ အင်မတန် လောဘကြီးပြီး ဝန်တိုစိတ်ထားတတ်ကာ အမှုတခုခုကို အပြစ်ပေးပြီး မမေ့ဘဲ လမ်းကြုံတိုင်း အမြဲတမ်း အစဖော် ရန်ရှာနေတတ်သူ၊ သူကိုယ်တိုင် မှားယွင်းလည်း ဘေးကလူတွေကို အမြဲလွှဲချတတ်သူလို့ ပြောကြတယ်။ ကိုယ်တိုင် ကျောင်းဆင်းပြီး အရာရှိငယ်ဖြစ်တော့လည်း သူ့အကြောင်း အလွဲတွေ ပိုသိလာရတယ်” လို့ ဆိုပါတယ်။

သူ သုံးသပ်ပြတာက စစ်တက္ကသိုလ်ကျောင်းဆင်းထဲမှာ ပထမဦးဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့သူက မြန်မာနိုင်ငံရဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းထဲက ပထမဆုံး သမ္မတဖြစ်ချင်သူ ဖြစ်လာပြီး ရောဂါအရင့်မှာ နေအမြင့်နဲ့တွေ့ကာ တည်ငြိမ်အေးချမ်းနေတဲ့ မြန်မာပြည်ကို မဲစာရင်းမှားတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့ အကြောင်းပြချက်နဲ့ အာဏာထိန်းတယ်လုပ်တာ ကလိန်ကကျစ်တို့ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း သိမ်းရင်သိမ်းတယ်၊ ဝန်မခံရဲဘူး ၂၀၀၈ စာအုပ်အစိမ်းက သူ့ဉာဏ်နဲ့ ပြန်လုပ်မရဘူး။ ဒါကြောင့် လက်လွန်ကနေ ခြေလွန်။ အခု တကိုယ်လုံး ကျွံရုံတင်မက နစ်နေပြီလို့ သုံးသပ်ပါတယ်။ သူ ဆက်ဝေဖန်တာက စစ်တပ်က သိတဲ့အတိုင်း နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ်ပဲ၊ ချောင်တဲ့ကောင်က တသက်လုံး အနေချောင် အစားချောင် ဖြစ်နေတာ။ ဒီလူက အမုန်းကြီး အငြိုးကြီး အတ္တကြီးသူ ဖြစ်တယ်။ အခု စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုတယ်၊ တန်းပြီး စစ်တိုက်လို့ရမယ် ထင်နေတာကိုက ရူးတာ။ တရုတ် ကြောက်ရပါတယ်ဆိုတဲ့ ဦးအောင်မင်း တပ်မမှူးဘဝက ပြောဖူးတာ ရှိတယ်။ မင်းတို့ တဝမ်းပူတွေနဲ့တော့ ငါ တိုင်းမှူးဖြစ်မှာ မဟုတ်တော့ပါဘူး ညည်းတွားဖူးတယ်။

ကိုယ်ပိုင်နံပါတ်ရှေ့မှာခံထားတဲ့ တဝမ်းပူမျဥ်းစောင်းတွေ တပ်သားသစ် ကျောင်းဆင်း ရောက်လာတော့ ထိန်းမရ သိမ်းမရ အရင်လူဟောင်းတွေတုန်းက ထောင်ချပစ်မယ်ဆို ကြောက်တယ်၊ ငြိမ်တယ်၊ တဝမ်းပူတွေက ဘာမှမကြောက်တာ၊ ကွာတားချလည်း ဟေးဟေးဟားဟားပဲ၊ နေချင်သလို နေတာ၊ အဲကောင်တွေကို ယုံစားပြီး အာဏာသိမ်းတဲ့ မအလ သူ့ကိုယ်သူ မသိသေးဘူး။ လက်ရှိကို ပြေး ပျောက် သေနဲ့ ဘယ်မှာမှ လူမရှိဘူး။ စစ်ထွက်အင်အားတောင် လိမ်နေရပြီ။ အလိမ်အညာနဲ့ လုပ်ချင်တာပဲသိပြီး ဦးနှောက်မရှိတဲ့လူဗျ။ သူလည်း ငါးကျပ်ပဲလို့ ဆိုပါတယ်။

အခုတော့ အတင်းအကျပ် စုဆောင်းခံရတဲ့ စစ်သားသစ်ဥပဒေကြောင့် စစ်တပ်ထဲ ရောက်လာသူဆို ပိုဆိုးမယ်။ လူသစ်ဆိုတာ လူဟောင်း ၆ ယောက်ကြား ၂ ယောက် ၃ ယောက် ကြားညှပ်ထည့်ပြီး အတွေ့အကြုံပေးရတာ။ လူတန်းစားပေါင်းစုံ၊ တောင် ဆို မြောက်ရောက်မယ့် ကောင်တွေ။ မြင်ယောင်သေးတယ် အလဲလဲ အကွဲကွဲတွေ။ ပီဒီအက်တွေက နိုင်ချင်ကြက်လို တက်ကြွလန်းဆန်းနေတာ။ စစ်တိုက်တော့မယ်ဆို တက်ကြွနေကြတာ။ အမိန့်နဲ့ စစ်စည်းကမ်းကလည်း ကောင်းတယ်။ တိုင်းရင်းသားတပ်တွေနဲ့ စနစ်တကျ သင်ယူထားကြတာ။ မာတယ်။ စဥ့်ကူးလို မတ္တရာလို ဖြစ်စဥ်ပဲကြည့်၊ ဘယ်လောက်မာပြီး ဘယ်လောက်သတ္တိရှိလဲဆိုတာ မြင်ရတယ်။

ကျနော်နဲ့ တပတ်စဥ်တည်း တပ်ခွဲမှူးလုပ်နေတဲ့ သူငယ်ချင်းတွေဆို ဗိုလ်ကြီးဘဘ ဘဝနဲ့ စစ်သက်ရှည်ပြီးမှ ခုမှ ဗိုလ်မှူးဖြစ်ကြရတာ။ တကယ်တော့ မအလနဲ့ အကြီးပိုင်းက PDF တွေနဲ့ AA ကို မထိန်းနိုင်တော့ဘူးဆိုတာ သိနေပြီ။ သူတို့ တကယ်လန့်လာပြီ။ ရှမ်းမြောက်ထက် ရခိုင်က အရေးပါတယ်ဆိုတာ သူတို့ သိတယ်။ တပ်ထဲက တချို့ကလည်း ပြေးလို့မလွယ်၊ ပူးပေါင်းဖို့ မလွယ်၊ ဘယ်သူက ဘယ်သူ့လူမှန်း မသိရတဲ့ စုပေါင်းစပ်ပေါင်း တပ်သားတွေကို အုပ်ချုပ် စစ်တိုက်ရတာ။ ပြေးဖို့ ပူးပေါင်းဖို့ အလံဖြူတင်ဖို့ အမိန့်လည်း မပေးရဲ၊ မတိုင်ပင်ရဲဘူး။ တယောက်နဲ့တယောက် မျက်လုံးဒေါက်ထောက်ကြည့်နေကြတာ။ နေပြည်တော် အတွင်းစည်းထဲမှာလည်း ဒီအတိုင်းပဲ။ ခံစားချက်တွေ ရှိကုန်ကြပြီ။ ပွင့်ထွက်ဖို့ပဲ လိုတော့တယ်လို့ သုံးသပ်ပြသွားပါတယ်။

ပြဿနာရဲ့ ဇာစ်မြစ်ကို မြင်နိုင်စွမ်းမရှိဘဲ ထစ်ခနဲရှိ ပိတ်ပင်မယ်၊ တားဆီးမယ်၊ ဖမ်းချုပ်မယ်၊ အမိန့်ထုတ်ပြန်မယ်၊ အဲဒီအမိန့်က ရေရှည်ခံ မခံ မသိ၊ အရူးချေးပန်းသလို ဖြစ်ချင်ဖြစ်မယ်။ သူ ကြောက်ရမယ့်သူဆို မျက်နှာအောက်ကျမယ်။ သူ နိုင်ရမယ်ဆို ထီမထင်ရုပ်ဖမ်းမယ်။ တခြား မကြည့်နဲ့ ဒဏ်ရာရလူနာတွေကို ဆေးရုံသွားကြည့်ရင်လည်း သေချာ ဂရုတစိုက်ပုံ ဖမ်းပေမဲ့ ပြောင်ချော်ချော် အမူအရာ အပိုလုပ်မှန်းသိအောင် လုပ်ပြတတ်သူ။ ပြည်သူကို စာမတတ်လို့ဆိုပြီး နှိမ့်ချ အထင်သေးပြီး ပြည်သူ့ဆန္ဒကို လျစ်လျူရှုဖို့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ဂွေးတက်အောင် ကခဲ့သူ။ အလိုရမ္မက် ဆန္ဒအားကြီး မနာလိုဝန်တိုမှု အပြည့်ကို ဖုံးမထားနိုင်အောင် မစ္ဆရိယစိတ် ကြီးသူ၊ လူမလေး ခွေးမခန့် အင်္ဂါရပ်လောက်နဲ့ တိုင်းပြည်အုပ်ချုပ်ချင်သူ၊ ကိုယ်ပိုင်ဉာဏ်မရှိ၊ ဗေဒင် ယတြာနဲ့ လုံးပါးပါးနေပြီး အောက်ခြေလွတ် စိတ်အခြေအနေ မမှန်သူလို့ အားရပါးရ ဝေဖန်ပေးသူက ဒီအက်စ်အေ အပတ် ၅၀ ဆင်းထဲက ကိုစိုးမြတ်(အမည်လွှဲ)ဆိုတဲ့ ဗိုလ်လူထွက်တဦးပါ။

သူ ပြောသမျှ သက်သေကတော့ ခုရက်ပိုင်း တိုက်ပွဲထဲက မသုံးလုံး စစ်ဆင်ရေးနဲ့ နောင်ချိုမြို့သိမ်းတိုက်ပွဲတွေကို ကြည့်ရင် သိနိုင်သလို လေယာဥ်ပစ် စက်သေနတ်နဲ့ အတွဲလိုက်ဒုံးတွေပါ ထားပြေးကြတဲ့ သတ္တိကြောင်မှုဟာ တိုက်လိုခိုက်လိုစိတ် ကင်းမဲ့နေတာ အထင်းသား မြင်ရပါတယ်။

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက်  ပြည်သူ ၅,၆၉၈ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ထဲမဝင်ချင်လို့ ပြည်သူ ၁၂ ဦးလည်း မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ Spring Revolution Database (SRD) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

နိုင်ငံရေးအမြင်၊ စစ်ရေးအမြင် မရှိတဲ့သူက အတ္တများပြီး ထင်တလုံးနဲ့ ဘဝင်လေဟပ် အရူးပွနေတဲ့သူက တပ်ချုပ်လုပ် အုပ်စီးနေသရွေ့ စစ်တပ်က တိုက်တိုင်းရှုံးပြီး လူထုတော်လှန်ရေးက အောင်ပွဲတွေရနေမှာပါ ဆိုတာ ယနေ့တိုက်ပွဲတွေက သက်သေပြနေပါတယ်လို့ ဆိုချင်ပါတယ်။

ဒေးဗစ်ထန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013