
အီရန်နဲ့ ပင်လယ်ကွေ့ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အီရတ်မှာ တပ်စွဲထားတဲ့ စပိန်တပ်ဖွဲ့ဝင်တချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး နေရာပြန်ချထားလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘလက်စ်က မတ် ၁၉ ရက်မှာ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ရိုဘလက်စ်က“အီရတ်မှာ တာဝန်ကျတဲ့ စစ်သည်တချို့ကို အခု တူရကီကို ရွှေ့ထားပါတယ်။ လုံခြုံရေးအရ ဘယ်နေရာလဲ ဆိုတာတော့ အတိအကျ မပြောနိုင်ပါဘူး။ ထွက်ခွာသွားတဲ့ တပ်ဖွဲ့ဝင် ၁၀၀ ဟာ အီရတ်မှာ မရှိတော့ပါဘူး”လို့ သတင်းထောက်တွေကို ပြောပါတယ်။
အခုဆိုရင် အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၃ ပတ်ထဲကို ရောက်လာပြီဖြစ်ပြီး တင်းမာမှု လျော့ကျသွားမဲ့ လက္ခဏာ မပြသေးတဲ့ ဒေသတွင်း ပဋိပက္ခတခု ဖြစ်လာခဲ့ပါပြီ။
စပိန်အစိုးရဟာ ထိုးစစ်ဆင်မှုတွေကို ဝေဖန်ထားသလို အမေရိကန်လေယာဉ်တွေကိုလည်း စပိန်တောင်ပိုင်းက ပူးတွဲ စစ်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။
စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘလက်စ်က “ယူကရိန်းကို ကူညီခဲ့တာက ဒါဟာ ပူတင်ရဲ့ ကျူးကျော်မှုကို ခံခဲ့ရလို့ ခုခံကာကွယ်တဲ့ စစ်ပွဲမို့လို့ပါ။ ဒါပေမဲ့ အခု အီရန်ကိစ္စမှာတော့ အီရန်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရလို့ သတ်မှတ်ထားပေမဲ့ တခြားအစိုးရတခုက (အမေရိကန် သို့မဟုတ် အစ္စရေး) က ကမ္ဘာ့စည်းမျဉ်းတွေကို စိတ်ကြိုက်လာပြီး မပြဋ္ဌာန်းသင့်ပါဘူး။ နိုင်ငံတကာဥပဒေဆိုတာ ရှိပါတယ်။ စပိန်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် အမြဲတမ်း ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
စပိန်နိုင်ငံဟာ ၂၀၁၅ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ IS ဆန့်ကျင်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့နဲ့ ၂၀၁၈ ခုနှစ်မှာ NATO ရဲ့ သီးခြားအကြံပေးမစ်ရှင်တွေရဲ့ တစိတ်တပိုင်းအဖြစ် အီရတ်မှာ တပ်ဖွဲ့ဝင် ၃၀၀ လောက်ကို တပ်စွဲထားတာပါ။
အီရတ်အကြမ်းဖက်မှုတန်ပြန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးခြင်းလို လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် အထူးတပ်ဖွဲ့ဝင် ၇၁ ယောက်ကို သူတို့ရဲ့အခြေစိုက်စခန်းမှ ယာယီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျာမနီနဲ့ နော်ဝေတို့လို NATO မဟာမိတ်နိုင်ငံတွေကလည်း လုံခြုံရေးအန္တရာယ်တွေကြောင့် ဒေသတွင်းရှိ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အင်အားလျှော့ချတာတွေ ရွှေ့ပြောင်းတာတွေ လုပ်နေကြပါတယ်။
ဂျာမနီက လက်ဘနွန်နဲ့ အီရတ်မြောက်ပိုင်း အာဘေးလ်မြို့က တပ်တွေကို ပြန်ရုပ်သိမ်းနေသလို နော်ဝေကလည်း အရှေ့အလယ်ပိုင်းရှိ သူတို့ရဲ့ စစ်သည် ၆၀ လောက်ကို နေရာရွှေ့ပြောင်းနေပါတယ်။
Source: Reuters











