DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့်မဆွေးနွေးဘဲ လက်နက်ကိုင်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တောင်းဆို
DVB
·
September 16, 2022
စစ်ကောင်စီနှင့်မဆွေးနွေးဘဲ လက်နက်ကိုင်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သူတို့ တရားဝင်ဖြစ်ရေးနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့သာ ဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

မွန်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးပစ်ခတ်နှိမ်နင်းတာအပြင် CDM ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးအရေးယူတာ၊ ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်တာတွေ မပြုလုပ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာလည်း စစ်အုပ်စုဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့သူ ၄၅၀ ထက်မနည်း ဖမ်းဆီးခဲ့သလို သတ်ဖြတ်ခံရသူ ၅၂ ယောက်ရှိခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်တာစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

စစ်အုပ်စုဟာ ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ဒုက္ခသည် ၃၀,၀၀၀ ကျော်ထိ ရှိလာတာ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာ မရရှိတဲ့အပြင် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း ဖယ်ကြဉ်ခံရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဟန်ပြသာဖြစ်ပြီး အားကောင်းလာတဲ့ ပြည်သူ့ခုခံစစ် ဆင်နွှဲနေသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သွေးခွဲဖို့သာဖြစ်တယ်လို့ မွန်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ၂၀၀၈ အခြေခံဥပဒေဘောင်ကိုသာ အခြေခံတဲ့အတွက် တိုင်းရင်းသားတွေ အလိုရှိနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမှု အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ မပြုနိုင်သလို စစ်ကျွန်သံသရာကိုသာ သက်ဆိုးရှည်စေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက် ဆက်လက်ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းရမယ်လို့ ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အာဏာသိမ်း ဗမာစစ်တပ်နဲ့ တန်းတူညီရေးကို လက်မခံတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပြီး အခုလို ပြောဆိုမှုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တဲ့ သဘောပင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေဟာ အာဏာရှင်စနစ်ဟူသမျှ အဆုံးသတ်ရေးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေး ရရှိဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်နေချိန်ဖြစ်ရာ မွန်ပြည်သစ်ပါတီ အနေနဲ့လည်း ဘဝတူ တိုင်းရင်းသားတွေနဲ့ အတူလက်တွဲပြီး တိုက်ပွဲဝင်ရမယ့် အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ ရေးသားထားတာပါ။

ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေးနဲ့ နိုင်ငံရေးထွက်ပေါက်ရှာမယ့် ပွဲဖြစ်တဲ့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တာ မပြုလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ထပ်မံမပြုလုပ်ဖို့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

မွန်အဖွဲ့အစည်း‌တွေရဲ့ အိတ်ဖွင့်စာ ပေးပို့မှုအပေါ် မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးထံ ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013