DVB Logo
Home
Lead Story
စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ကရင်ရိုးရာဝတ်စုံရောင်းချ ရန်ပုံငွေရှာနေပေးနေတဲ့ KWO ရဲ့ စီမံကိန်း - မေးမြန်းချက်
DVB
·
September 15, 2022
စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ကရင်ရိုးရာဝတ်စုံရောင်းချ ရန်ပုံငွေရှာနေပေးနေတဲ့ KWO ရဲ့ စီမံကိန်း - မေးမြန်းချက်
Donate to DVB

စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကနေ ကရင်ရိုးရာ လက်ရက်အဝတ်အထည်တွေ၊ ရိုးရာအစားစာတွေနဲ့ ဒေသထွက်အစားအစာတွေကို ရောင်းချပေးနေပါတယ်။

ဒီအစီအစဉ်ဟာ အဓိကအားဖြင့် ကရင်ပြည်နယ်တဝန်းနဲ့ စစ်ဘေးရှောင်တွေ၊ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေကို ကူညီတဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့  Income Generation Project  ဝင်ငွေရှာတဲ့စီမံကိန်း ဖြစ်သလို အထူးသဖြင့် ကိုဗစ်ကာလ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ဘေးဒဏ်ကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ အမျိုးသမီးတွေကို တဖက်တလမ်းကနေ ကူညီနေတဲ့စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းလုပ်‌ဆောင်ပုံနဲ့ ကူညီထောက်ပံ့မှုအစီအစဉ်နဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံး တွဲဖက်အတွင်းရေးမှူး ၂ နော်စေးစေးဟဲကို  ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ကရင်အမျိုးသမီးအစည်းအရုံး KWO ရဲ့ Income Generation Project ဘယ်လိုကနေ ဘယ်လို စတင်ခဲ့ပြီး၊ ဘယ်လိုတွေ လုပ်ဆောင်လဲ အဲဒါ အရင် ဦးဆုံးပြောပြာပေးပါလား။

ဖြေ။ “ဟုတ်ကဲ့။ ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံးက ကရင်ဝတ်စုံတွေ ရောင်းရတဲ့ရည်ရွယ်ချက်က ကျမတို့ ဟိုးအရင်ကတည်းကပဲ ရည်ရွယ်ချက်တွေရှိထားတယ်။ အဲလောက်ထိ ရည်ရွယ်ချက်ရှိပေမဲ့ အကောင်အထည်မဖော်ဖြစ်ဘူး။ နည်းနည်းပါးပါးတော့ မဲဆောက်မှာ ရောင်းတာ ရှိတာပေါ့နော်။ ဒါပေမဲ့ ဒီ ၂၀၂၁ နောက်ပိုင်းမှာ အိုင်ဒီပီတွေကလည်း များလာတယ်။ ပြီးတော့ ပြည်တွင်းက မိခင်တွေကလည်း စားဝတ်နေရေး အဆင်မပြေဘူး။ စစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုဗစ် -၁၉ ကြောင့်ပဲဖြစ်ဖြစ် သွားရေးလာရေးလည်းခက်ခဲတယ်။

အဲဒါကြောင့်မို့ ပြည်တွင်းထဲက အိုင်ဒီပီတွေအတွက် စားဝတ်နေ နည်းနည်းချောင်လည်ဖို့အတွက် ကျမတို့ ရည်ရွယ်ချက်ထားပြီး သူတို့ရဲ့ လက်ရက်လေးတွေ၊ ပြီးတော့ ဒီခရိုင် ၇ ခုထဲက ပြီးတော့ ဒုက္ခသည်စခန်းလည်းပဲ ဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့ အပြင်ထွက်လို့လည်းမရဘူး။ သူတို့ရဲ့ အမျိုးသားတွေလည်း အပြင်ထွက်ပြီး အလုပ်လုပ်လို့လည်း မရဘူး။ ဒါကြောင့် သူတို့လည်း ကိုယ့်အိမ်မှာ နေပြီးတော့ သူတို့ လက်ရက်အဝတ်အထည်တွေဖြစ်ဖြစ်၊ အစားအသောက် မျှစ်ခြောက်လုပ်တာတို့၊ ပိန်းခြောက်လုပ်တာတို့ အဲဒါကို သူတို့ရဲ့ ဝင်ငွေ တဖက်တလမ်း ရအောင်လို့ ကျမတို့ဘက် သူတို့ဆီက ဝယ်တယ်။ အဲဒီကနေဆင့် ကျမတို့လည်း ဒီနိုင်ငံခြားကဖြစ်ဖြစ်၊ မြို့ပေါ်မှာရှိတဲ့ ကရင်အသိုက်အဝန်းကဖြစ်ဖြစ် ပြန်လည်ရောင်းချပေးတယ်။

ကျမတို့ ပြည်တွင်းက အိုင်ဒီပီတွေ၊ ဒုက္ခသည်စခန်းမှာရှိတဲ့ ကျတို့လူထု အထူးသဖြင့်အမျိုးသမီး တဖက်တလမ်းက မိသားစုရဲ့ဝင်ငွေရအောင် စားဝတ်နေရေ ချောင်ချောင်လည်လည်နေရဖို့အတွက် ကျမတို့လည်း တဖက်တလမ်းက ကူညီတာပေါ့နော်။”

မေး။ ဆိုတော့ အဓိက KWOက ဘယ်လို ပစ္စည်းတွေကို  အဓိက ကူညီလဲ၊ ဘယ်လိုပြန်ဖြန့်လဲဆိုတာ နည်းနည်း ရှင်းပေးပါလား။

ဖြေ။ “ ကျမတို့ ဘယ်လိုဟာတွေ ယူလဲဆိုတော့ ကရင်အင်္ကျီတို့၊ ကရင်ထမိန်တို့ ဒီဟာကအများ အားဖြင့်ပေါ့နော်။ ပြီး‌တော့ ကရင်လွယ်အိတ်လေးတွေ၊ ကရင်အင်္ကျီဆိုလိုရင်လည်း ကလေးအင်္ကျီလေးတွေ မိန်းကလေးပဲအဝတ်ပဲဖြစ်ဖြစ် ယောကျ်ားဝတ်ပဲဖြစ်ဖြစ်ကျမတို့ ရက်ခိုင်းတယ်။ တချို့ ဒုက္ခသည် စခန်းတွေဆိုရင် သူတို့ ချည်တွေဘာတွေ မဝယ်နိုင်ဘူး။ မဝယ်နိုင်ရင်ကျမတို့က ရက်ဖို့အတွက် ချည် တွေမတို့ ပို့ပေးတယ်။ ရက်လို့ရတဲ့အထည်ကို ကျမတို့ ဝယ်ပေးတယ်။ သူတို့ရဲ တနိုင်တပိုင်လေး ရဖို့အတွက်၊ သူတိုအရင်းအနှီးရဖို့အတွက် ချည်တွေဝယ်ပေးတယ်။ တခေါက်ပဲ ပျိုးထောင်ပေးလိုက်တယ်။ ပြီးတော့ သူတို့ ဆက်ဝယ်တယ်၊ ဆက်ရက်တယ်။ ပြီးတော့ ကျတို့ဆီကို ပို့တယ်။ ကျမတို့ ဗဟိုဘက်ကိုပေါ့နော်။ ရောက်လာတဲ့ အထည်တွေကို ကျတို့ တဆင့်ပြီးတဆင့်ပြန်ရောင်းပေးတယ်။ ခရိုင်တွေမှာဆိုရင်လည်း ဒီလိုပဲ သွားရေးလာရေးက ခက်ခဲတယ်။ ဟိုမှာလည်း ချည်တွေဘာတွေရောင်းတာမရှိဘူး အဲတော့ကျမတို့ကို ချည်ဘာအရောင်၊ ဘာရောင်ဝယ်ပေးပါ၊ ပို့ပေးပါဆိုရင် ကျမတို့က ဝယ်ပြီးပို့ပေးတယ်။ သူတို့ရက်တယ်။ ရက်တဲ့ဟာကို ကျမတို့ဆီပြန်ပို့တယ်။ ဘယ်လောက်ရောင်းနိုင်လဲ ချည်ဖိုးနုတ်လိုက်၊ သူတို့ရ လက်ရက်ခတွေ ပြန်တွက်တယ်။ တွက်ပြီး ဘယ်လောက်တန်ဖိုးရှိလဲဆိုတော ပြန်တွက်ပြီး ရောင်းပေးတယ်။

နောက်တခုက အစားအသောက်နဲ့ ပတ်သက်လို့ မျှစ်ခြောက်တို့၊ သူတို့ ဒေသတွေမှာရှိတဲ့ ဒေသထွက်အစားအစာ မျှစ်ထွက်တဲ့နေရာဆိုရင် မျှစ်ခြောက်လုပ်၊ ပိန်းထွက်တယ်ဆိုရင် ပိန်းခြောက်၊ မုန်ညင်းရှိတယ်ဆိုရင်လည်း မုန်ညင်းခြောက်လုပ်၊ သခွားသီးခြောက်တို့၊ အဲဒါတွေကို ကျမတို့လုပ်ခိုင်းတယ်။ နှမ်းဆီ၊ နှမ်းငပိ၊ ပျားရည်၊ စတဲ့ဒေသထွက်ကုန်တွေကို လုပ်ခိုင်းပြီးတော့ ကျမတို့က သူတို့ဆီက တဆင့်ပြန်ဝယ်တာပေါ့နော်။ ဝယ်ပြီး ကျမတို့ တဆင့်ပြန်ရောင်းတာပေါ့နော်၊ အဲလိုနည်းနဲ့ သူတို့ကို ဝင်ငွေရှာပေးတာပေါ့နော်။

မေး။ ဒီစီမံကိန်းစပြီးကတည်းကနေ အခုထိ အမျိုးသမီးဘယ်လောက်ကို ကူညီနိုင်ခဲ့ပြီလို့ ပြောလို့ရမလဲ။

ဖြေ။ “ ဒီ project က ဟို KWO စတင်တည်ထောင်ကတည်းက ဒီ income generation project ကရှိပြီးသား၊ ဒါပေမဲ့တခုပဲ ရှိတာက ကျမဒီ အွန်လိုင်းမှာ မကြော်ငြာဖူးဘူးပေါ့နော်။ ကျမတို့ ဟိုးအရင် ၁၉၄၉ ကတည်းက ကျမတို့ လည်ပတ်တာက income generation နဲ့ပဲ လည်ပတ်တယ်။ ဒီ အလှူရှင်တွေ မတွေ့ခင်ကတည်းက  ၁၉၈၅ ခုကလည်း ကျမတို့ လုပ်တယ်။ မဲဆောက်မှာ ဆိုင်ရှိတာပေါ့နော်။ အဲမှာ ကျမတို့လုပ်တယ်။ နောက်ပြီးကျမှ ရောင်းအားကလည်း သိပ်မကောင်းဘူး၊ ကိုယ်မကြော်ငြာရင်  ကိုယ့်ရောင်းအားက မထွက်ဘူးလေ။ အဲဒါကြောင့် ကျမတို့လည်း  အွန်းလိုင်ကနေ ကြော်ငြာလာတာပေါ့နော်။ အမှန်က ၁၉၄၉ ကတည်းက ဒီတော်လှန်ရေးစပြီး KWO ရှိပြီးကတည်းက ကျမတို့ဒီဟာကို နည်းနည်းနဲ့ လုပ်သွားတာ။ ၁၉၈၅ ခုကတည်းက ကျမတို့ မဲဆောက်မှာ ပြန်လာပြီးတော့ ရောင်းတယ်။ တရက်တလေ ရောင်းရတယ်။ တရက်တလေလည်းမရောင်းရဘူး။ ဒါပေမဲ့ ၂၀၂၀ မှာ ကိုဗစ်လည်းဖြစ် ရောင်းအားတွေလည်းကျ တဲ့အခါကျတော့ ကျမတို့ ပြန်စဉ်းစားတယ်။ ဒါကို အွန်လိုင်းကနေကြော်ငြာမယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ မှာ အွန်လိုင်းကနေ ပြန်ကြော်ငြာပြီး ရောင်းတာပေါ့နော်။ ပြောရမယ်ဆိုရင် ခရိုင်တွေထဲက ပဲဖြစ်ဖြစ်၊ ဒုက္ခသည်စခန်းက အမျိုးသမီးတွေကို တော်တော်များများ ကူညီနိုင်တာပေါ့နော်။

မေး။ ဟုတ်ကဲ့ ဆိုတော့ အခု ၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းပြီးနောက် အိုင်ဒီပီတွေ၊ စစ်ဘေးရှောင်တွေ ပိုများလာတယ်။ ထွက်ပြေးတိမ်းရှောင်ရသူတွေထဲ အမျိုးသမီးတွေလည်း အများကြီးပဲ။ ဆိုတော့ ဒီစီမံကိန်းကနေဆင့် သူတို့ကို ဘာတွေ ကူညီပေးနိုင်လဲ။ သူတို့ဆီကနေ တဆင့်ကော ဘာတွေ လုပ်ပေးနိုင်လဲပေါ့နော်။

ဖြေ။ “အာဏာသိမ်းပြီးနောက်ပိုင်းပြောရမယ်ဆိုရင်တော်တော်လေးတော့ ကူညီပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ အခုအချိန်က ဘယ်သူ့အလုပ်ရှာဖို့၊ နေ့စားတွေဘာတွေရှာဖို့က အလုပ်အရမ်းခက်ခဲတဲ့အချိန်၊ အခု အမျိုးသားတွေကလည်း အလုပ်ရှာရခက်ခဲတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေက တတ်နိုင်သလောက် ထမ်းနိုင်သလောက်သူတို့ရဲ့ဝန်ကိုထမ်းတယ်။ ရက်ကန်းဆိုရင်လည်း သူတို့လုပ်တတ်တဲ့ အတတ်ပညာရှိရင် သူတို့လုပ်ကြတယ်။ အဲလိုလုပ်တော့ သူတို့ရဲ့ မိသားစု စားဝတ်နေရေးအတွက် မီးဖိုချောင်စရိတ်တွေဘာတွေတော့ ဖူလုံသွားတယ်ပေါ့နော်။

“ကျမတို့ ကူညီပေးနေတာ  နှစ်မျိုး ရှိတယ်ပေါ့နော်။ ပထမတုန်းကတော့ ကုန်ကြမ်းတွေပို့တယ်။ ကုန်ကြမ်းတွေနဲ့ သူတို့ကို ကူညီတယ်။ နောက်လုံးလုံး မတတ်နိုင်တဲ့မိသားစုကတော့ ကျမတို့ ရောင်းရတဲ့ ဝင်ငွေ အမြတ်အစွန်းနဲ့ သူတို့ဘာလိုအပ်လဲ၊ အိုင်ဒီပီမှာဆိုရင် ဆန်တွေလိုအပ်တယ်။ ရတဲ့အမြတ်တွေကို ဆန်ဝယ်တယ်။ မိသားစုတစုမှာ လူဦးရေ ဘယ်လောက်လဲ၊ လူတယောက် ပျမ်းမျှ တပုံးနဲ့ သတ်မှတ်ပြီး ကျမတို့ သူတို့ကို အဲလိုကူညီတာရှိတယ်။ တချို့ကတော့ ဆန်၊ဆီ၊ဆား၊ အချိုမှုန့်ပဲ အဲလိုထည့်ပြီး သူတို့ကိုကူညီတာတွေရှိတယ်။ ပစ္စည်း၊ အစားသောက် ပို့နိုင်တဲ့နေရာမှာဆိုရင် ပို့တယ်။ ဒါပေမဲ့ နည်းနည်းဝေးတဲ့ခရိုင်တွေ၊ ထွက်ပြေးတိမ်းရှောင်ရတဲ့နေရာမှာ ဝေးတယ်ဆိုရင် ဆန်တန်ဖိုးနဲ့ ပြန်တွက်ပြီး ဒီ income generation ရှာတဲ့ အမြတ်အစွန်းရသလောက်ကို ကျမတို့သူတို့ကို ကူညီတယ်။ အုပ်စုနှစ်မျိုးရှိတာပေါ့နော်။ ပထမတမျိုးက အိုင်ဒီပီမိသားစုတွေ တချို့ ပြေးလိုက်ရွာပြန်လိုက် အဲလို သူတို့ လက်ရက်အလုပ်လုပ်နိုင်တဲ့လူကိုကျတော့ ကုန်ကြမ်းတွေပို့ပြီးတော့ လုပ်ခိုင်းတယ်။ ဒါပေမဲ့ လုံးဝ အိမ်မပြန်ရဲဘူး ပြေးရလွှားရ တောတောင်ထဲ ပြေးရတဲ့သူတွေကျတော့ ဒီ income generationက ရတဲ့ အမြတ်တွေကို ပြန်ကြည့်ပြီး သူတို့စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆားတွေ ကူညီတာတယ်။ ဝေးတဲ့နေရာဆိုရင် ငွေကြေးနဲ့ ထောက်ပံ့တာရှိတယ်။

မေး။ တခြား ဘာပြောချင်တာရှိဦးမလဲ။

ဖြေ။ “ကျမတို့ရောင်းတဲ့ပစ္စည်းတွေကိုလည်း ဝယ်ယူအားပေးကူကြပါ။ အားပေးလို့ရတဲ့ဝင်ငွေတွေ အမြတ်အစွန်းတွေကိုလည်း ကျမတို့ အိုင်ဒီပီကို ပြန်ပြီးတော့ သူတို့လိုအပ်တာကို ကျမတို့ကူညီတယ်။ အဲဒါပြောချင်တယ်ပေါ့နော်။ ပြီးတော့ ကိုယ့်ရဲ့ထွက်ကုန်တွေရှိလို့ ရောင်းပေးခိုင်စေချင်လည်း KWO ကလည်း တတ်နိုင်သလောက် ကိုယ့်အစွမ်းအစရှိသလောက်ရောင်းပေးတာရှိတယ်၊ ကူညီတာရှိတယ်။ များသောအားဖြင့် KWO က ရောင်းတဲ့ပစ္စည်းတွေလည်းအားပေးကြပါလို့။ အားပေးတဲ့ငွေတွေကို ကလည်း KWO က အလဟသ မသုံးဘူး။ ပြည်တွင်းထဲက အိုင်ဒီပီကို ပြန်ပြီးကူညီတယ်ပေါ့နော်။

 ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013