DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ပြည်ပထွက်ရန် ပြင်ဆင်သူ များပြားလာ
DVB
·
September 9, 2022
မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ပြည်ပထွက်ရန် ပြင်ဆင်သူ များပြားလာ
Donate to DVB

ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတဲ့အတွက် အိမ်ထောင်စုပေါင်း ၁၀၀ ရာခိုင်နှုန်း ရှိတဲ့အထဲက ရာခိုင်နှုန်းထက်ဝက်က မိသားစုဝင်တယောက်ဟာ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ Myanmar Independent Researchers (MIR) အဖွဲ့က စစ်တမ်းထုတ်ပြန်ထားပါတယ်။

အဆိုပါအဖွဲ့က မြန်မာနိုင်ငံရှိ ပြည်သူတွေအကြားမှာ ပြည်ပထွက်ခွာရန် ပြင်ဆင်နေမှု အခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်အချိန်က စစ်တမ်းတခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တမ်းအတွက် သင့်မိသားစုထဲမှာ နိုင်ငံခြားသွားဖို့ ပြင်ဆင်နေတဲ့သူ ရှိပါသလား ဆိုတဲ့ မေးခွန်းနဲ့ ဆာဗေးကောက်ယူခဲ့ပါတယ်။

ရရှိတဲ့ အချက်အလက်တွေအရ ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းမှာ သူတို့ရဲ့မိသားစုဝင်တွေထဲက ပြည်ပနိုင်ငံတခုခုကို ထွက်ခွာဖို့ ပြင်ဆင်နေသူ အနည်းဆုံး တယောက်ရှိတယ်လို့ ဖြေဆိုထားပြီး အစီအစဉ် မရှိပါဟု ဖြေဆိုသူက ၅၁ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။

အခုလို ပြည်ပထွက်ခွာဖို့ ပြင်ဆင်လာရတဲ့ အကြောင်းရင်းက ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျပ်အတည်း ဆိုးကျိုးကြောင့်ပါလို့ မိသားစုဝင်တွေက ဆိုပါတယ်။

“အခုအခြေအနေက အရင်လို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိမှမရှိတော့တာ။ ရှိတဲ့ အလုပ်ကလည်း ဘယ်တော့ပြုတ်မလဲလို့ ရင်တမမနဲ့ နေနေကြရတာလေ။ ဒီတော့ ထွက်ပေါက်က နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မှပဲ ရတော့မယ်။ နိုင်ငံခြားထွက်ဖို့ လူကလည်း ဘယ်လောက်တောင် တာစူနေလဲ သိချင်ရင် ပတ်စ်ပို့ရုံးနားသာ သွားကြည့်လိုက်၊ မနက် မိုးမလင်းခင်ကတည်းက လာတန်းစီနေတဲ့ လူတွေတောင် ရှိတယ်နော်။ တနေ့တနေ့ လူကလည်း ရာဂဏန်းရှိတယ်။ အလုပ်ဖြစ်တာကတော့ ပတ်စ်ပို့လုပ်ပေးတဲ့ ပွဲစားတွေပဲ။”

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်းကလည်း လိုက်ပါ မြှင့်တက်လာပေမဲ့ ရရှိတဲ့ လုပ်ခလစာဝင်ငွေက ပြောင်းလဲမှုမရှိတာကြောင့် ပုံသေလခစား ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေဟာ ဒီဒဏ်ကို ခံနေရပါတယ်။

အခြေခံလစာ ၃ သိန်းအောက်သာရရှိတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်က “အရင်က အသင့်ဖျော် ကော်ဖီတထုပ်ကို တထောင်ဖိုးဝယ်ရင် ၁၁ ထုပ်ရတယ်။ အခုတော့ တထောင်ဖိုးဝယ်ရင် ၄ ထုပ်ပဲရတယ်။ ဘယ်လောက်ကွာသွားလဲ အဲ့မှာသာကြည့်။ အဲ့တော့ ကော်ဖီတထုပ်ကို နှစ်ခါခွဲပြီး သောက်နေရတယ်။ ဆိုင်မှာ လက်ဖက်ရည်သောက်ဖို့က တခွက်ကို ၈၀၀ နဲ့ ၁,၀၀၀ ရှိတော့ မတတ်နိုင်ဘူး။ ဘဲဥ၊ ကြက်ဥ ဆိုရင်လည်း ဘဲဥက တလုံး ၃၀၀ နဲ့ ၃၅၀ ကျပ်ရှိပြီး ကြက်ဥက တလုံး ၂၃၀ နဲ့ ၂၅၀ ကျပ်ရှိတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆို ဘာအရွက်ဝယ်ဝယ် အနည်းဆုံးက ၃၀၀ ကျပ်ပေးရတယ်။ ဆိုတော့ အခုကာလက ဘဲဥ၊ ကြက်ဥစားပြီး ချွေတာဖို့တောင် အနိုင်နိုင်။ ဘာလို့ဆို ဆီဈေး၊ ဆန်ဈေးကလည်း နှစ်ဆ တက်သွားတာလေ။ ကုန်ဈေးနှုန်းကသာ အခုလိုတက်လာတာ၊ ရတဲ့လစာက တက်တာမဟုတ်ဘူး။ ပေးရမယ့် အကြွေးကသာ များပြီး တက်လာလို့ ကြွေးထူခေတ် ဖြစ်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ILO အဖွဲ့ကြီးက အခုနှစ်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ မြန်မာနိုင်ငံက အလုပ်သမား ၁ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှုနဲ့အတူ စားဝတ်နေရေးမှာလည်း အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီလို့ သတိပေး ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013