DVB Logo
Home
မြန်မာသတင်း
၇၄ နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ KNPP ဌာနချုပ်တွင် ကျင်းပ၊ အလျှော့မပေးဘဲ တိုက်ပွဲဝင်ရန်တိုက်တွန်း
DVB
·
September 8, 2022
၇၄ နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ KNPP ဌာနချုပ်တွင် ကျင်းပ၊ အလျှော့မပေးဘဲ တိုက်ပွဲဝင်ရန်တိုက်တွန်း
1 / 5
Donate to DVB

စက်တင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဌာနချုပ် ရှီညာတလယ်ဒူဆို (ခေါ်) ညာမိုမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာ၊ ကရင်နီအမျိုးသားအာဇာနည်နေ့ကို ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားတာနဲ့ လွမ်းသူ့ပန်း‌ခွေချခြင်းနဲ့ ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဗဟိုကတော့ ကရင်နီအမျိုးသားအာဇာနည်နေ့ဟာ ကရင်နီအမျိုးသားတို့ရဲ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ဖြစ်ပြီး ကရင်နီအမျိုးသား လွတ်လပ်မှု၊ တန်းတူမှုနဲ့ တရားမျှတမှုတို့အတွက် အသက်ပေးလှူခဲ့တဲ့ ခုခံတော်လှန်ရေး အာဇာနည် ရဲဘော်နဲ့ ခေါင်းဆောင်တွေရဲ့ ရဲစွမ်းသတ္တိ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တတရားတို့ကို အောက်မေ့ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း အခမ်းအနားကို သဝဏ်လွှာ ပေးပို့ထားပါတယ်။

ဒါ့အပြင် ကရင်နီ ပြည်သူထူထုကို သစ္စာနဲ့ ယုံကြည်ချက်ခိုင်မာစွာ ကာကွယ်ရင်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူခဲ့ကြတဲ့ ခုခံတော်လှန်ရေးရဲဘော်တို့ရဲ့ ပေးဆပ်မှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ နေ့ထူးဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

တိုင်းပြည်အတွက်၊ လွတ်မြောက်ရေးအတွက် တာဝန်ကျေခဲ့ကြတဲ့ အာဇာနည်တို့ သေလွန်သော်လည်း မိမိတို့နဲ့အတူ အမြဲရှိနေမှာဖြစ်ပြီး ထာဝရ ဂုဏ်ပြုထိုက်၊ ဂုဏ်ယူသင့်တဲ့ သူရဲကောင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

ဒါ့အပြင် လက်ရှိဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုဟာ မြန်ဆန်ပြီး စည်းလုံးညီညွတ်မှု၊ အမှန်တရားနဲ့ တရားမျှတမှုတို့အပေါ် ရပ်တည်မှုနဲ့ ခုခံတော်လှန်ရေး စိတ်ဓာတ်တို့ကို စမ်းသပ်နေတဲ့ အချိန်ကာလဖြစ်ပြီး ခုခံတော်လှန်ရေးအတွက် အင်သစ်အားသစ်တွေ ပေးဆောင်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေးမှာ ပါဝင်နေတဲ့ မိဘပြည်သူနဲ့ ရဲဘော်အားလုံး မတရားမှုကို အန်တုလိုတဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုကို ကာကွယ်ရဲတဲ့ သတ္တိနဲ့ တန်းတူရေးကို မြတ်နိုးပြီး အလျှော့မပေးတဲ့ ဇွဲနဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

ကရင်နီအမျိုးသား‌တော်လှန်ရေးဖခင် ဦးဘီတူရီ ကျဆုံးခဲ့တဲ့ ၁၉၄၈ ခု စက်တင်ဘာလ ၈ ရက်ကို အစွဲပြုပြီး ကရင်နီလူထု တရပ်လုံးက နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ပြီး ဒီနေ့ ၇၄ နှစ်‌မြောက်တိုင် ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013