DVB Logo
Home
မြန်မာသတင်း
ခုခံတွန်းလှန်စစ် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းရန် လိုအပ်နေ
DVB
·
September 8, 2022
ခုခံတွန်းလှန်စစ်  တနိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းရန် လိုအပ်နေ
Donate to DVB

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ တစ်နှစ်တာကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ အတိုင်းတာတခုအထိမြင့်တက်လာခဲ့ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင် လာဖို့နဲ့ တော်လှန်ရေးအောင်ပွဲရဖို့အတွက်တော့ အများကြီး ကြိုးပမ်းလုပ်ဆောင်ရဦးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တချို့က ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်က စတင်ခဲ့တာဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၇ ရက်မှာ တနှစ်ပြည့်သွားတာဖြစ်ပါတယ်။  

ခုခံတွန်းလှန်စစ်ပွဲနဲ့ ပတ်သက်ပြီး  KNU တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းက “ NUG ကနေပြီးတော့မှ D-day စတင်ခေါ်ယူတယ်၊ အဓိကအားဖြင့် တပ်လှန့်လိုက်တာပေါ့နော်။ တနှစ်ပြည့်တဲ့အချိန်မှာ‌တော့ ကျနော်တို့ လူထုလှုပ်ရှားမှုဖြစ်တဲ့ လက်နက်ကိုင်တော်လှန်မှုကတော့ အရှိန်အဟုန်တခု အထိတော့ မြင့်တက်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ သို့သော်လည်းပဲ ကျနော်တို့ တော်လှန်ရေးအောင်ပွဲတခုအထိ ရလာဖို့ကတော့ လက်နက်ကိုင် တိုက်ပွဲတခုတည်းကတော့ မပြည့်စုံသေးဘူးပေါ့နော်။ ဒါကြောင့်မို့ကျနော်တို့ ဘက်စုံကျနော်တို့ ဆောင်ရွက်ရမှာဖြစ်တယ်။ အထူးသဖြင့်တော့ သံတမန်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံဥပဒေတိုက်ပွဲကအစ ဒါကို ဖော်ဆောင်ရမှာဖြစ်တဲ့အတွက် D-dayကို ကြေညာပြီးတဲ့ တနှစ်ပြည့်အထိမှာတော့ စစ်ရေးအရ အတိုင်းအတာတခုလောက်အထိတော့ အားရကျေနပ်လောက်ပေမဲ့လည်း ကျန်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲနဲ့ သံတမန်တိုက်ပွဲမှာကတော့ ကျနော်တို့ ဒီထက်ပိုပြီးတော့ ဆက်လုပ်ဖို့ လိုအပ်သေးတယ်၊ လိုတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒါမှ သာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲနဲ့၊ အဆုံးသတ်အောင်ပွဲကို ရမှာဖြစ်တယ်။ ဒါကြောင့် D-dayနဲ့အတူ နောက်ထပ်ဆက်ပြီးတော့မှ တိုက်ပွဲဝင်တယ်လို့ ခေါ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တစ်ခုတည်း မကဘဲနဲ့ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတိုက်ပွဲနဲ့ သံတမန်ကိုတော့ ပိုမိုပြီး‌တော့မှ တိုးမြှင့်ဖို့ လိုအပ်မယ်”လို့ပြောပါတယ်။ 

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့  NUG ယာယီသမ္မတ ဒူဝါလရှီးလက  ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အလားတူ PDFတွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့လည်း  ဒူဝါလရှီးလက ပြောပါတယ်။  တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  KNPP အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်ကတော့  “ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောလိုက်လို့ရှိရင် D-day ကတော့ ခေါ်လိုက်တာပဲ။ ဒါပေမဲ့ ဒီနေ့ တနိုင်ငံလုံးအတိုင်းအတာရ တိုက်ပွဲဝင်နေတာမရှိဘူးလေ။ D-day ကြေညာလိုက်တဲ့ ထိရောက်မှုကတော့ ဘာမှ မထူးခြားလာဘူးလို့ ကျနော်က ဒီလိုပဲ သုံးသပ်ပါတယ်။ ဒီနေ့ ကျနော်တို့က တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိတယ်လေ။ ဒီနေ့ ပြည်နယ် ၄ ခုနဲ့ တိုင်း ၂ ခုလောက်မှာပဲ တိုက်ပွဲပြင်းထန်နေတယ်။ တခြားဒေသတွေ၊ တခြားပြည်နယ်နဲ့တိုင်းတွေမှာက ပုံမှန်အတိုင်းပဲ၊ တိုက်ပွဲတွေဘာတွေ ရှိရင်တောင်မှ ကြိုးကြားကြိုးကြား၊ ပေါက်ကွဲမှုရင်တောင်မှ ဒီလောက်ပဲ ဆိုတော့ ကျနော် အဲဒါကိုဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ D-day ဆိုတာကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့က တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်တာပဲလေ။ တိုက်ပွဲကို စတင်တော့မယ်ဆိုပြီ။ သို့သော်လည်းပဲ ဒီအပေါ်မှာ ပါလာမှုမရှိတာကို ကျနော်ပြောတာပါ။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ နဲ့ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုစောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းအရသိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန်မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တသန်းခွဲကျော်ရှိတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။ 

ကရင်နီဒေသမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ မစခင်ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး လက်ရှိအချိန်မှာ ကရင်နီ လူဦးရေရဲ့ သုံးပုံ နှစ်ပုံ စစ်ရှောင်ဘဝနဲ့ ရောက်နေရတယ်လို့   KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်က D-day မခေါ်ခင်ကတည်းက ကျနော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကျနော်တို့ အကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့ တိုက်ခဲ့တာပဲလေ။ D-day က စက်တင်ဘာလမှခေါ်တာပဲလေ။ ကျနော်တို့တော်လှန်ရေးအရင်လုပ်ခဲ့တာပဲလေ။ ဆိုတော့ တိုက်ကြဖို့ နိုးဆော်တဲ့ D-dayက မလာခင်ကတည်းက ကျနော်တို့ တိုက်နေတာလေ။ D-day ကြောင့် တိုက်တာမဟုတ်ဘူးဆိုတာ ကျနော် ပထဦးဆုံးပြောချင်တယ်။ ဆိုတော့ ကျနော်တို့ ထဲမှာကတော့ နေ့စဉ်နဲ့အမျှ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ လူဦးရေ သုံးပုံ နှစ်ပုံလည်း စစ်ရှောင်ဘဝနဲ့ ရောက်နေတုန်းပဲပေါ့နော်။”

ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်ကာလအတွင်း မိမိတို့အစိုးရအနေနဲ့ အောင်မြင်မှုများစွာရရှိခဲ့သလို စိန်ခေါ်မှုတွေ ထိခိုက် နစ်နာမှုတွေလည်း ရှိခဲ့ကြောင်း  မိမိတို့အနေနဲ့ ထိခိုက်နစ်နာခဲ့မှုတွေကို သင်ခန်းစာယူပြီး စိန်ခေါ်မှုတွေကို ကျော်လွှားကာ ပြည်သူလူထု လိုလားမျှော်မှန်းနေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်း ကြိုးစားဖို့  ယာယီသမ္မတ ဒူဝါလရှီးလက NUG အစိုးရအဖွဲ့အစည်းအဝေးမှာ  အစိုးရ အဖွဲ့ဝင်တွေကို တိုက်တွန်းပြောထားပါတယ်။

Photo-MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013