DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က တပတ်အတွင်း အကြမ်းဖက် ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုပေါင်း ၅၀ ကျော်ကျူးလွန်
DVB
·
September 6, 2022
စစ်ကောင်စီတပ်က တပတ်အတွင်း အကြမ်းဖက် ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုပေါင်း ၅၀ ကျော်ကျူးလွန်
Donate to DVB

နိုင်ငံတဝန်း ပြီးခဲ့တဲ့ သီတင်းတပတ်တာအတွင်း စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုပေါင်း ၅၃ မှုအထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့ကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ သတ်ဖြတ်မှု ၁၀ မှုအပါအဝင် မီးရှို့မှု ၆ မှု၊ ဖမ်းဆီးမှု ၄ မှု၊ ဖျက်ဆီးမှု ၁ မှုနဲ့ ၃၉ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013