DVB Logo
Home
မြန်မာသတင်း
အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပြည်သူများ ဝယ်ယူရခက်ခဲ
DVB
·
September 5, 2022
အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပြည်သူများ ဝယ်ယူရခက်ခဲ
Donate to DVB

အိမ်သုံးဆေးဝါးတွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် ကျန်မာရေးအတွက် ဆေးဝါးဝယ်သုံးနေရသူတွေ အခက်အခဲဖြစ်လာတယ်လို့ ဝယ်ယူသူတွေဆီက သိရပါတယ်။

နှလုံးရောဂါအတွက် ဆေးဝယ်ယူသောက်သုံးနေရသူတွေမှာ Metpure XL. 12.5 ဆယ်လုံးပါ ၁ ကတ်လျှင် အရင်က ၂၈၀၀ ကျပ်ရှိရာမှ ဈေးတက်လာရာ ၄၅၀၀ ကျပ်အထိ ဈေးတက်သွားတယ်လို့ ဝယ်ယူသုံးစွဲသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်က ၂၈၀၀၊ နောက်တော့ ၃၂၀၀၊ အခု ၄၅၀၀။ တခြား နှလုံးနဲ့ပတ်သက်တဲ့ဆေးတွေလည်း ဈေးတက်တယ်။ ပြောရရင် အကုန်ဈေးတက်တာ”လို့ ပြောပါတယ်။

ဆီးချို၊ သွေးတိုးရောဂါတွေအတွက် သောက်သုံးနေရတဲ့ Losartan (လိုစာတန်) ၁ ကတ် ၂၀၀၀ ကျပ်ကနေ ၃၇၀၀ ၊ Metformin Denk 500 ၁ ကတ် ၉၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်၊ Atorvastain ၁ ကတ် ၂၀၀၀ ကနေ ၂၈၀၀ ကျပ်၊ Betex ၁ ကတ် ၁၂၀၀ ကနေ ၄၀၀၀ အထိ ဈေးနှုန်းမြှင့်တက်နေတယ်လို့ ဆေးဝယ်သုံးနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“စျေးကြီးပေမယ့် ဆေးရနေသေးလို့ တော်သေးတာ။ ကိုဗစ် ဒုတိယလှိုင်းကဆို ဆေးတွေ ပြတ်လို့ သေတဲ့သူတောင် သေရတယ်။ ဈေးကြီးတာလည်း ပြဿနာတစ်ခုလို ဖြစ်နေတယ်” လို့ ရှင်းပြပါတယ်။

မြို့နယ်ဆင်ခြေဖုံးရပ်ကွက်တွေမှာ အခြေခံလူတန်းစားတွေ ဖျားနာကိုက်ခဲရင် ဝယ်ယူသောက်သုံးတဲ့ ဆေးတွေလည်း ဈေးအဆမတန်မြင့်တက်နေတယ်လို့ လှိုင်သာယာမှာ နေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်က ပါရာကတ်တစ်လုံး ၅၀၊ အခုဆို ၁၀၀၊ ဘိုင်အိုဂျက်ဆစ်က အရင်က ၁၀၀ အခုဆို ၂၅၀၊ မစ်ဆာဂရစ်က အရင်က ၁၅၀ အခုဆို ၂၅၀ ရှိတယ်”လို့ ပြောပါတယ်။

အဆိုပါ အကိုက်အခဲပျောက်ဆေးများကို လက်ကားဈေးနှုန်းများမှာ ဆယ်လုံး ၁ ကတ် ဝယ်ယူပါက ပါရာကတ် ၁ ကတ် ၇၀၀၊ မစ်ဆာဂရစ်ဆို အရင်က ၂၅၀၀၊ ဘိုင်အိုဂျက်ဆစ် ၁ ကတ် ၂၀၀၀၊ နော်ဂျီတက် ၁ ကတ် ၂၅၀၀ ပေးရတယ်”လို့ လက်လီလက်ကား ရောင်းချသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်က ဆေးတွေထဲမှာ အိန္ဒိယက ဝင်တဲ့ဆေးက သက်သာတယ်။ USA က ဝင်တဲ့ဆေးက ဈေးကြီးတယ်။ သြစတြေးလျက ဝင်တဲ့ဆေးလည်း ဈေးကြီးတယ်။ အခုကတော့ အကုန်ဈေးကြီးတယ်၊ ဘယ်နိုင်ငံကဝင်ဝင် ဒေါ်လာဈေး အလှည့်အပြောင်းကလည်း ရှိတယ်။ ဈေးသတ်မှတ်ချက် မရှိဘူး။ ဒီနေ့ ဒီဈေးဆို မနက်ဖြန် ဈေးက နောက်တမျိုး”လို့ ပြောပါတယ်။

နာတာရှည်ရောဂါဝေဒနာခံစားနေရသူများအနေနဲ့ ကုန်ဈေးနှုန်းကြီးနေတဲ့ကြားက စားစရိတ်ကို ဖယ်ပြီး ဆေးဝယ်သောက်နေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နာတာရှည် ရောဂါသည်တစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ဆန်တွေ၊ ဆီတွေက ဈေးတွေတက် အလုပ်မရှိ အဲဒီအထဲက စားစရိတ်ကိုဖယ်ပြီး ဆေးဝယ်ရတာ။ ဆေးတွေက အရမ်းဈေးကြီးတော့ တခါတလေ ကိုယ့်ကိုယ်ကိုယ် သေပါစေလို့ ဆုတောင်းမိတယ်” လို့ သူ့ရဲ့အခက်အခဲကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းက အခြေခံလူတန်းစာတွေအဖို့ ဘက်ပေါင်းစုံက အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အပြင် ကျန်းမာရေးအတွက် ဆေးဝါးတွေပါ ဈေးနှုန်းမြင့်တက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013