DVB Logo
Home
Lead Story
ဂေါ်ဘာချော့ဗ် (သို့မဟုတ်) ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးရဲ့ နောက်ဆုံးခရီး…
DVB
·
September 5, 2022
ဂေါ်ဘာချော့ဗ် (သို့မဟုတ်) ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးရဲ့ နောက်ဆုံးခရီး…
Donate to DVB

ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချော့ဗ်ရဲ့ စျာပနကို မော်စကို နိုဗိုဒီဗစ်ချီသုသာန်မှာ  စက်တင်ဘာ ၃ ရက်က ကျင်းပပါတယ်။ စျာပနအခမ်းအနားကို ပူတင်လိုက်မပို့ပါဘူး။ အလုပ်မအားလို့ လို့ ဆိုပါတယ်။ ကွယ်လွန်ချိန် ဆေးရုံသွားပြီး နှင်းဆီပန်းစည်းတော့ ချပေးခဲ့တယ်။ သူ့ရုပ်ကလာပ်ကို လီနင်၊ စတာလင်၊ ဘရက်ဇညက်တို့ ထားခဲ့တဲ့ Hall of Columns မှာ ထားပြီး မော်စကိုသားတွေ ဂါရဝပြုခွင့်ပေးခဲ့တယ်။ 

ပူတင်တက်ရောက်ခြင်းမရှိတဲ့ သူ့စျာပနအခမ်းအနားဟာ အေးချမ်းစွာပြီးဆုံးသွားပေမယ့် ၂၀ ရာစု နိုင်ငံရေးသမိုင်းအတွက်တော့ အမွေတွေအများကြီး ထားသွားခဲ့ပါတယ်။

"ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှု " ( Peace, Liberty and Justice ) ဆိုတာ လူသားအားလုံး တောင့်တကြတဲ့အရာတွေပါ။ လောကပါလတရား ထွန်းကားပြီး ငြိမ်းချမ်းတဲ့ လူ့ဘောင်လောကမှာ လူသားတိုင်း ရှင်သန်လိုကြပါတယ်။ 

သူဟာ ငြိမ်းချမ်းရေးကို လိုလားခဲ့သူပါ။ စစ်လက်နက်ပြိုင်ဆိုင်မှု၊ တင်းကျပ်တဲ့ အမိန့်ပေးအုပ်ချုပ်မှုစနစ်နဲ့ လွတ်လပ်မှုပျောက်ဆုံး၊ ဆင်းရဲခြင်းအမှောင်တိုက်ထဲက လူသား သန်းပေါင်းများစွာကို အလင်းရစေခဲ့သူဖြစ်တယ်။ လွတ်လပ်တဲ့ လေကို လူအများရှူရှိုက်ခွင့်ရစေခဲ့တယ်။ တင်းမာနေတဲ့ ကမ္ဘာကြီးကို ဖြေလျှော့ပေးခဲ့တယ်။ စစ်အေးခေတ် ဟာ သူ့ခေါင်းဆောင်မှုအောက်မှာ ပြီးဆုံးခဲ့တယ်။ End of History လို့ ဟန်တင်တမ်က သမုတ်ခဲ့တယ်။ နှစ်ပေါင်း ၃၀ ကျော် ကမ္ဘာကြီးရဲ့ လွတ်လပ်တဲ့လေကို လူသားသန်းပေါင်းများစွာ ရှုရှိုက်ခွင့်ရခဲ့တယ်။ 

ခုတော့ သမိုင်းက နိဂုံးမချုပ်ဘဲ တစ်ပတ်ပြန်လည်သွားပါပြီ။ နှစ်ပေါင်း ၃၀ ကျော် အလွန်က အခြေအနေမျိုးကို ပြန်ရောက်သွားပါပြီ။ ဟန်တင်တမ်ရဲ့ ဟောကိန်းလည်း လွဲချော်သွားပါပြီ။ ကမ္ဘာမှာ Authoritarian rulers တွေ ခေါင်းထောင်လာတဲ့ အချိန်အခါ ပြန်ရောက်ခဲ့ပါပြီ။ 

ဘယ်လိုပဲဖြစ်ဖြစ် သူဟာ စစ်အေးခေတ်ကို ပြီးဆုံးစေတဲ့ ဗိသုကာ။ အရှေ့အနောက် စစ်ရေးတင်းမာမှုကို ဖြေလျှော့ပေးခဲ့သူ။ ဆိုဗီယက်ခေတ် ပြည်သူတွေကို အလင်းရစေခဲ့သူ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဩဂုတ်-၃၀) မှာ သူ ကွယ်လွန်ခဲ့တယ်။ မော်စကို ဆေးရုံကြီးတစ်ခုမှာ ရက်ရှည်ရောဂါဝေဒနာခံစားပြီး ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ချိန်မှာ အသက် (၉၁) နှစ်။ သူ့ ဈာပနကို စက်တင်ဘာ ၃ ရက်စနေ့နေ့မှာ ကျင်းပတော့ လက်ရှိသမ္မတ ပူတင် အလုပ်မအားလို့ လာမတက်ဘူး။ သူကွယ်လွန်တော့ ဆေးရုံကြီးကိုလာပြီး ပူတင် နှင်းဆီပွင့်ပန်းခြင်းချပြီး နှုတ်ဆက်တယ်။ ဒါလောက်ပဲ။ နိုင်ငံတော်ဈာပနအဖြစ် မော်စကိုမြို့က ( Hall of Columns ) တိုင်လုံးကြီးများ ခန်းမဆောင်မှာ သူ့ရုပ်ကလာပ်ကို ထားရှိပြီး ပြည်သူတွေကို ဂါရဝပြုခွင့်ပေးခဲ့ပေမယ့် သူ့ဈာပနအခမ်းအနားကို ရုရှားထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခြင်းမရှိခဲ့ဘူး။ 

အနောက်နိုင်ငံတွေက စစ်အေးခေတ် ပြီးဆုံးစေတဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦးအဖြစ် သူကွယ်လွန်မှုကို အကြီးအကျယ် ဝမ်းနည်းကြောင်းမှတ်တမ်းတင်ခဲ့ကြပေမယ့် ရုရှားမီဒီယာတွေကတော့ သူကွယ်လွန်တဲ့ သတင်းဟာ နံပါတ်(၃) သတင်းခေါင်းစဉ်သာ ဖြစ်ခဲ့တယ်။

စနေနေ့က ကျင်းပတဲ့ ဈာပနအခမ်းအနားမှာ သူ့ရဲ့ သမီး အိုင်ရီနာနဲ့ မိသားစုဝင်တွေ၊ အစိုးရအရာရှိတချို့ကိုပဲ ရုပ်ကလာပ်အနီးမှာတွေ့ရတယ်။ နိုင်ငံတကာခေါင်းဆောင်တွေထဲမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဗန်တစ်ဦးသာ  ထူးထူးခြားခြားတက်ရောက်လာတာတွေ့ရတယ်။ သူက ပူတင်နဲ့ ဆက်ဆံရေးကောင်းတဲ့ အီးယူနိုင်ငံတွေထဲက တစ်ဦးတည်းသော ခေါင်းဆောင်ပါ။ နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ကတော့ လက်ရှိအခြေအနေ (ယူ ကရိန်းအပေါ်စစ်ရေးဆင်နွှဲနေမှု) ကြောင့် ဒီအခမ်းအနားကို မတက်ရောက်နိုင်ကြပါဘူး။ ဈာပနအခမ်းအနားမှာ သူ့ရဲ့ရုပ်ကလာပ်ကို ထမ်းသွားသူတွေရဲ့ ရှေ့ဆုံးမှာ နိုဗယ်ဆုရ ရုရှဂျာနယ်လစ် မူရာတော့ဗ်ကို တွေ့ရတယ်။ သူက မကြာသေးခင်ကပဲ သူရခဲ့တဲ့ နိုဗယ်ဆုတံဆိပ်ကို လေလံတင်ရောင်းချပြီး ယူကရိန်းစစ်ဘေးဒဏ်ခံ ကလေးသူငယ်တွေကို လှူဒါန်းခဲ့သူပါ။ 

ဂေါ်ဘာချော့ဗ်ရဲ့ ရုပ်ကလာပ်ကို မော်စကိုမြို့က နိုဗိုဒီဗစ်ချီသုသာန်ရှိ ဇနီးသည် ရိုင်ဆာရဲ့ အုတ်ဂူအနီးမှာ မြေမြှုပ်သင်္ဂြိုလ်ပါတယ်။ ရိုင်ဆာဟာ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်ခဲ့သူပါ။ သမ္မတပူတင်တက်ရောက်လာခြင်းမရှိပေမယ့် " တိုင်လုံးကြီးများ ခန်းမဆောင်" Hall of Columns မှာ ဖွင့်ပြထားတဲ့ သူ့ရဲ့ ရုပ်ကလာပ်ကို မော်စကိုမြို့သားထောင်ပေါင်းများစွာက တန်းစီပြီး အလှည့်ကျ ဂါရဝပြုခဲ့ကြတယ်။ ဒီခန်းမဆောင်ကြီးထဲမှာပဲ ကွယ်လွန်သွားခဲ့ကြပြီဖြစ်တဲ့ လီနင်၊ စတာလင်၊ ဘရက်ဇ်ညက်၊ ယဲ့လ်ဆင် အစရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဈာပနကိုလည်း ကျင်းပခဲ့ဖူးတယ်။ 

ယနေ့ရုရှပြည်သူတွေရဲ့ သူ့အပေါ်အမြင်မှာ ကွဲပြားမှုရှိပေမယ့် အများကတော့ သူဟာ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို ဆောင်ကျဉ်းပေးခဲ့သူလို့ မြင်ကြတယ်။ တချို့ကတော့ သူဟာ ဆိုဗီယက်အင်ပါယာကြီးကို ပြိုကွဲစေခဲ့သူ၊ ရုရှားနိုင်ငံကို စီးပွားရေးအရချွတ်ခြုံကျစေခဲ့သူလို့ မြင်ကြတယ်။ 

အရှေ့ဥရောပကို ဆိုဗီယက်ထိန်းချုပ်မှုအောက်က လွတ်မြောက်စေခဲ့သူ၊ နျူးကလီးယားလက်နက်လျှော့ချပြီး စစ်အေးခေတ်ပြီးဆုံးစေခဲ့သူ၊ ဆိုဗီယက်ပြည်သူတွေအတွက် လွတ်လပ်ခွင့်ကို လမ်းဖွင့်ပေးခဲ့သူအဖြစ် အနောက်အုပ်စုနိုင်ငံတွေကတော့ သူ့ရဲ့ ကွယ်လွန်မှုအပေါ်အကြီးကျယ် အလေးအနက်ပြုခဲ့တယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာတော့ သူကွယ်လွန်မှုအတွက် ဝမ်းနည်းခြင်း အလံတိုင်ဝက် လွှင့်ထူပေးခဲ့တယ်။ ဘာလင်မြို့က ဆိုဗီယက်တပ်တွေကို ရုပ်သိမ်းပေးခဲ့ခြင်းဖြင့် သူဟာ ကွဲပြားနေတဲ့ အရှေ့ အနောက်ဂျာမနီနှစ်နိုင်ငံကို ပြန်လည်ပေါင်းစည်းစေခဲ့တယ်။

ခုတော့လည်း သူတည်ဆောက်ပေးခဲ့တဲ့ ပွင့်လင်းလွတ်လပ်မှု(ဂလက်စနော့ဗ်) ပြုပြင်ပြောင်းလဲရေး( ပယ်ရီစထရွိုက်ကာ)တို့ ရုရှားမှာ တဖြည်းဖြည်း ပြန်လည်ဆုံးရှုံးနေပါပြီ။ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးကြောင့် ကွဲထွက်သွားတဲ့ ဆိုဗီယက် ၁၅ နိုင်ငံကို ပြန်လည် ဩဇာလွှမ်းမိုးဖို့ လက်ရှိခေါင်းဆောင် ပူတင်က ကြိုးပမ်းနေပါပြီ။ ဆိုဗီယက်ပြိုကွဲအပြီး အာဏာမဲ့သွားတဲ့ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း နိုင်ငံရေးနယ်ပယ်က ကွယ်ပျောက်ခဲ့ရသလို သူ့ကြောင့် ဆိုဗီယက်နိုင်ငံကြီးပြိုကွဲရတယ်ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေလည်း ကြုံခဲ့ရတယ်။

သမ္မတ ယဲ့လ်ဆင် ကို ဆက်ခံခဲ့တဲ့ ပူတင်ကတော့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုဟာ " ဒီရာစုရဲ့ အကြီးမားဆုံး ပထဝီနိုင်ငံရေး ဘေးဆိုးကြီး"  ( greatest geopolitical catastrophe of the 20th century) လို့ ခေါ်တွင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း သူတည်ဆောက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေခဲ့တယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ပြန်လည်ထိန်းချုပ်ခဲ့သလို အတိုက်ခံခေါင်းဆောင်တွေကိုလည်း ဖိနှိပ်ထားခဲ့တယ်။

ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီဆိုတဲ့ သတင်းကို ကြားတဲ့အခါ သူဟာ အတော့်ကို တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်လို့ တစ်ခါတုန်းက သူ့ရဲ့ စကားပြန်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံသားတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပြခဲ့တယ်။ ယူကရိန်းစစ်နဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်မပေးပေမယ့် ငြိမ်းချမ်းရေးကို လိုလားသူပီပီ " ဒီကမ္ဘာပေါ်မှာ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှ မရှိဘူး" လို့ သူဆိုခဲ့တယ်။

သူ့ရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်လာရောက်ပို့ဆောင်ခြင်းမရှိဘဲ ကွယ်လွန်ချိန် ဆေးရုံမှာ ပန်းခြင်းတစ်ခုသာ လာပေးသွားတဲ့ သမ္မတပူတင် မတက်ရောက်ခဲ့တဲ့ သူ့ရဲ့ဈာပနအခမ်းအနားဟာ မော်စကိုမြို့ နိုဗိုဒီဗစ်ချီ သုသာန်မှာ အေးချမ်းစွာပြီးဆုံးသွားခဲ့ပါ​ပြီ။ လွန်ခဲ့တဲ့ ၂၃ နှစ်က သူ့အရင် ထွက်ခွါသွားတဲ့ ဇနီးသည်ရဲ့ အုတ်ဂူအနီးမှာ သူ ထာဝရလဲလျောင်းနေပါတော့မယ်။ သူထားခဲ့တဲ့၊ သူမြင်ချင်တဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ ဘာတွေဆက်ဖြစ်မလဲ သူမသိနိုင်တော့ပါ။ 

ချစ်ဝင်းမောင်

Ref: Russians bid farewell to Gorbachev, but without Putin.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013