DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည် ၃ သန်းခန့်ရှိလာ၊ ၁ သန်းခွဲခန့်က ပြည်တွင်းဒုက္ခသည်များ ဖြစ်ဟု ISP Myanmar ပြော
DVB
·
September 2, 2022
မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည် ၃ သန်းခန့်ရှိလာ၊ ၁ သန်းခွဲခန့်က ပြည်တွင်းဒုက္ခသည်များ ဖြစ်ဟု ISP Myanmar ပြော
Donate to DVB

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အဓိကရုဏ်း ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ၃ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်ပြီး အဲဒီထဲက ၁ သန်းခွဲလောက်ဟာ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေလို့ ISP Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဒုက္ခသည် တသန်းခွဲနီးပါးကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် ပြည်တွင်းမှာ အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဖြစ်ပြီး ဒီပမာဏဟာ စုစုပေါင်းအရေအတွက်ရဲ့ ၄၈ ရာခိုင်နှုန်းအထိရှိပြီး အများဆုံးပမာဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ခိုက်မှု အကြိမ် ၆,၆၇၈ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs အကြား တိုက်ပွဲပေါင်း ၄,၀၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF) စတဲ့ အဖွဲ့အတွေအကြား တိုက်ပွဲ ၁,၇၁၁ ကြိမ်ထက်မနည်းလည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။

အာဏာမသိမ်းခင်ကာလမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်ကလည်း ၄၉၇,၂၀၀ ဦးထက်မနည်း ရှိနေတဲ့အပြင် အာဏာမသိမ်းမီနဲ့ သိမ်းပြီးကာလတွေမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ဦးရေကလည်း ၁,၀၁၉,၁၉၀ ဦးထက်မနည်း ရှိနေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့ကြောင်းနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း တနံတလျားက ထိခိုက်ခံစားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက် အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာမှုအသစ်တွေ ဖြစ်ပေါ်နေပြီး ထိခိုက်ခံစားရသူတွေဆီကို အကူအညီတွေပေးဖို့ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013