DVB Logo
Home
မြန်မာသတင်း
ကလေး၊ တမူးနှင့် ဝက်လက် ၃ မြို့နယ်တွင် NUG က မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်း
DVB
·
September 1, 2022
ကလေး၊ တမူးနှင့် ဝက်လက် ၃ မြို့နယ်တွင် NUG က မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်း
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေရာ စစ်ကိုင်းတိုင်းဒေသကြီးမြို့နယ် ၃ ခုဖြစ်တဲ့ ကလေး၊ တမူးနဲ့ ဝက်လက်မြို့နယ်တွေမှာ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာဖြစ်ပြီး ခုလိုဖွဲ့စည်းလိုက်တာဟာ ၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၄ (ခ) အရ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ၁ နှစ်ပြည့်လာခဲ့ပြီဖြစ်ပြီး အထူးကွန်မန်ဒို၊ စနိုက်ပါသမားတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဆိုပါ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ အထူးတိုက်ခိုက်ရေးနဲ့ ချေမှုန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ကာ တပ်ဖွဲ့ကို တပ်မဟာ ၆၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အထူးကွန်မန်ဒိုနဲ့ အထူးစနိုက်ပါသမား ၄၄ ယောက်ကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ပထမဆုံး အထူးသင်တန်းဆင်းချိန်မှာတော့ တပ်ဖွဲ့ဝင်အင်အား အ‌ေယာက် ၁၇၀ ရှိခဲ့ပြီး ဆက်လက်ပြီးတော့ အထူးသင်တန်းတွေကို သင်တန်းတဖြတ် လူအယောက် ၅၀ ထက်မပိုဘဲ စုဆောင်းလေ့ကျင့် သင်ကြားနေတာလို့ သိရပါတယ်။

လေ့ကျင့်သင်ကြားပြီးတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင်ရေးလုပ်ငန်းတွေမှာ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး ကျေးလက်စစ်ဆင်ရေးအနေနဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ် တပ်မဟာအသီးသီးက ရှိရင်းစွဲ စစ်ကြောင်းတွေမှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေး ဆောင်ရွက်နေတယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013