DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီဩဇာခံ ယဉ်ကျေးမှုဝန်ထမ်း အယောက် ၁၈၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
DVB
·
September 1, 2022
အကြမ်းဖက်စစ်ကောင်စီဩဇာခံ ယဉ်ကျေးမှုဝန်ထမ်း အယောက် ၁၈၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီဩဇာခံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတွေ အပါအဝင် ဝန်ထမ်းအယောက် ၁၈၀ နီးပါးကို ပြည်သူ့သစ္စာဖောက်တွေအဖြစ် သတ်မှတ်၊ အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စက်တင်ဘာ ၁ ရက် ဒီကနေ့ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှ ရပ်တည်ကာ ပြည်သူနဲ့ တသားတည်းဖြစ်စေဖို့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကြဖို့ အကြိမ်ကြိမ် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာန မဖွဲ့ရသေးတဲ့ ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာတွေနဲ့ ဥပဒေနဲ့အညီ ပြန်ဆပ်ရန် မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းတာတွေ စတဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)လက်အောက်က ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတွေက ဖော်ပြပါဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဖော်ပြထားတာပါ။

အရင်ကလည်း NUG အစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး ပြည်သူနဲ့ တသားတည်း မရပ်တည်ကြတဲ့ အကျင့်ပျက် သစ္စာဖောက် ဝန်ထမ်းတွေစာရင်းကို ဝန်ကြီးဌာနတွေအလိုက် ဖော်ပြပြီးတော့ အမည်ပျက်စာရင်းသွင်း ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၆၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၃၀၀ နီးပါးထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013