ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှာ ပရဟိတလုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိုအောင်ဌေးဦး (ခ) ကိုရွှေဥကို စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကိုအောင်ဌေးဦးကို နေ့လယ်ပိုင်းက ကားနှစ်စီးနဲ့ လာဖမ်းသွားတယ်။ သူက ပရဟိတ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီတဲ့ လူငယ်တဦးဖြစ်တယ်။ ဘာကြောင့် ဖမ်းခံရတယ်ဆိုတာ မသိရဘူး။ ဘယ်ကိုဖမ်းသွားလဲဆိုတာလည်း မသိရတဲ့အတွက် စိတ်မကောင်းဘူး” လို့ ကိုအောင်ဌေးဦးနဲ့ နီးစပ်သူတေယာက်က ပြောပါတယ်။
ကိုအောင်ဌေးဦးဟာ နန်းမားမြို့မှာ ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူတယောက် ဖြစ်သလို လူငယ်စီးပွားရေးသမားတယောက်လည်း ဖြစ်ပါတယ်။
နန်းမားမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်းနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။