DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလေယာဉ်လက်မှတ်ခ သတ်မှတ်ငွေဈေးဖြင့်ရောင်းရန် အဆင်မပြေဟု အရောင်းကိုယ်စားလှယ်များ ပြော
DVB
·
August 31, 2022
ပြည်တွင်းလေယာဉ်လက်မှတ်ခ သတ်မှတ်ငွေဈေးဖြင့်ရောင်းရန် အဆင်မပြေဟု အရောင်းကိုယ်စားလှယ်များ ပြော
Donate to DVB

ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတချို့က လေယာဉ်လက်မှတ်နှုန်းခအတွက် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားပေမဲ့ အဲဒီနှုန်းထားနဲ့ ရောင်းဖို့ အဆင်မပြေဘူးလို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ပုဂ္ဂလိကပိုင် Air Kanbawza လေကြောင်းလိုင်းတို့က ပြည်ပခရီးစဉ်အတွက် လေယာဉ်လက်မှတ်တွေကို ရောင်းချရာမှာ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ပေးသွင်းနိုင်ကြောင်း သြဂုတ် ၃၀ ရက် နေ့စွဲနဲ့ အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ပါ ဖော်ပြချက်အရ မြန်မာအမျိုးသားလေကြောင်းလိုင်းက သူတို့လက်အောက်ရှိ ခွင့်ပြုထားတဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေအနေနဲ့ လေယာဉ်လက်မှတ် ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာ Deposit ပေးသွင်းတဲ့အခါ Exchange Rate နှုန်းထား အမေရိကန်ငွေ ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၀၀ ကျပ်နဲ့ ညီမျှတဲ့ ငွေသား (သို့မဟုတ်) Mobile Banking နဲ့ သြဂုတ် ၃၀ ရက်ကစပြီး ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ပုဂ္ဂလိကပိုင် Air Kanbawza လေကြောင်းလိုင်းကလည်း လက်မှတ်အရောင်းကိုယ်စားလှယ်တွေအနေနဲ့ လေယာဉ်လက်မှတ် ရောင်းချမှုတွေအတွက် အမေရိကန်ဒေါ်လာ Deposit ပေးသွင်းတဲ့အခါ Exchange Rate နှုန်းထား အမေရိကန်ငွေ ၁ ဒေါ်လာကို မြန်မာငွေ ၃,၀၅၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ Exchange Rate နှုန်းနဲ့ လေယာဉ်လက်မှတ်တွေကို ရောင်းပေးဖို့က အဆင်မပြေဘူးလို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ဆိုပါတယ်။

“ကျမတို့ ဒေါ်လာနဲ့ပဲ လက်ခံပါတော့တယ်ရှင့်။ သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ မရပါဘူးရှင်။ ဘာလို့လဲဆို ညီမတို့က နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပေးထားတဲ့ ဘဏ်တွေကနေ ဒေါ်လာဝယ်လို့မရဘူး။ အဲ့တော့ ဒေါ်လာလိုတဲ့အခါ အပြင်ကနေ ဝယ်ရတယ်။ ဝယ်ရတဲ့အတွက် အပြင်ပေါက်ဈေးနဲ့ပဲ လက်ခံပေးပါတော့တယ်။ ကျမတို့လည်း အခုဆိုရင် ရောင်းရှုံး ဖြစ်နေရတယ်။ ဘာလို့ဆို မနက်ခင်းဈေးက တမျိုး၊ ညနေခင်းရောက်တဲ့အခါ ဈေးက တဈေးဖြစ်နေလို့ပါ။ အဲ့ဒါကြောင့် ဒီနေ့ကစပြီး ဒေါ်လာနဲ့ပဲ လက်ခံတော့တာပါ။ တကယ်လို့ ဒေါ်လာမပေးနိုင်ရင် အပြင်ပေါက်ဈေးနဲ့ ပေးမှပဲ ရပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း နိုင်ငံခြားငွေနဲ့ အသုံးပြုနိုင်တဲ့ Visa နဲ့ Master တို့မှ credit card တွေကိုသုံးပြီး လေယာဉ်လက်မှတ် ဖြတ်ရာမှာလည်း ဗဟိုဘဏ်က ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်ထားရှိဖို့ လိုတယ်လို့ အသုံးပြုသူတယောက်က ထောက်ပြပြောပါတယ်။

“မနေ့တနေ့ကပဲ အသိမိတ်ဆွေ တယောက်အတွက် CB Bank ကထုတ်တဲ့ Master credit card ကိုသုံးပြီး Air Asia လေယာဉ်လက်မှတ် တစောင်ကို ဝယ်တာ ၁၅၄ ဒေါ်လာပေးရတယ်။ ဒါပေမဲ့ သူတို့ဖြတ်သွားတာက ၅ သိန်းကျော် ဖြတ်သွားတယ်။ (အတိအကျဆိုရင် ၅၂၅,၄၀၄ ကျပ်ပေါ့)။ သူတို့ဖြတ်သွားတဲ့နှုန်းကို ကိုယ့်ဘာသာ တွက်ကြည့်လိုက်တာ တဒေါ်လာ ကို ၃,၄၁၁ ကျပ်ကျတယ်။ ပြောချင်တာက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်း (၂,၁၀၀ ကျပ်) နဲ့ယှဉ်ရင် ရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းတောင် ပိုများနေတာ။ ဆိုတော့ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းဘဏ်တွေက ထုတ်ဝေတဲ့ Visa တို့ Master တို့သုံးပြီး Credit card နဲ့ Debit card တွေ ခွင့်မပြုခင်မှာ ငွေရေးကြေးရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းသူ အာဏာပိုင် (regulator) ဖြစ်တဲ့ ဗဟိုဘဏ်က အဲ့လိုမျိုး processing fee ကို ဘယ်လောက်အထိ အများဆုံး ကောက်ခံရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ မရှိ မေးချင်တယ်။ ပြီးတော့ အခုလို ၆၂ ရာခိုင်နှုန်းအထိ ကောက်တာမျိုးကို regulator ဖြစ်တဲ့ ဗဟိုဘဏ်က တခုခုပြောဖို့ အစီအစဉ် ရှိ မရှိ ဆိုတာလည်း သိချင်တယ်” လို့ ပြောပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးက စစ်တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်က ၁ ဒေါ်လာကို မြန်မာငွေ ၁,၃၀၀ နဲ့ ၁,၄၀၀ အကြားမှာ အရောင်းအဝယ်ရှိနေတာပါ။ 

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ လူထုက အဏာသိမ်းစစ်ကောင်စီအပေါ် ယုံကြည်မှု ကင်းမဲ့လာတာနဲ့အမျှ မြန်မာကျပ်ငွေတန်ဖိုးကလည်း တစတစနဲ့ ဆက်တိုက်ကျဆင်းလာပါတယ်။ 

ဒါကြောင့် ဒီကနေ့ သြဂုတ် ၃၁ ရက် အရောင်းအဝယ် ဖြစ်နေတဲ့ အပြင်ဈေးနှုန်းက ၁ ဒေါ်လာကို မြန်မာငွေ ၄,၃၀၀ နဲ့ ၄,၄၀၀ ကျပ်အကြားမှာ ရှိနေပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကတော့ ၁ ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013