DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမလိုက်နာသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် PDF တပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု NUG ပြော
DVB
·
August 30, 2022
စည်းကမ်းမလိုက်နာသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် PDF တပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု NUG ပြော
Donate to DVB

စည်းကမ်းမလိုက်နာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ တရားရုံးတွေ ဖွင့်လှစ်တာဟာ စစ်ကောင်စီကို အရေးယူဖို့သာမကဘဲ NUG လက်အောက်ခံ စည်းကမ်းဖောက်ဖျက်သူတွေကိုပါ အရေးယူနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီး ၁၈ လကျော်ကာလအတွင်း စစ်ကောင်စီက နိုင်ငံတဝန်း နေအိမ်ပေါင်း ၂ သောင်း ၈ ထောင်ကျော်ကို အကြမ်းဖက်မီးရှို့ခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အိမ်ခြေ ၂ သောင်းကျော်နဲ့ အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။ 

မြန်မာနိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးသင့်နေပြီး စားဝတ်နေရေး ခက်ခဲနေကြတဲ့ အခြေအနေမှာ ကုလ၊ အာဆီယံနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့လို အဖွဲ့အစည်းတွေက ဘာအကူအညီမှမပေးနိုင်ခဲ့ပါဘူး။

နိုင်ငံတကာအဖွဲ့အစည်းတွေ ဝေဖန်ခံနေရသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း စစ်ကိုင်းဒေသတွင်း ပြည်သူတွေက ဝေဖန်တာတွေ ရှိလာပါတယ်။ စစ်ကိုင်းဒေသတွင်း NUG လက်အောက်ခံ PDF တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အလုပ်ကောင်းကောင်းမလုပ်တာ၊ NUG, PDF တွေနဲ့ Local PDF တွေ မကျေလည်မှုတွေ ခဏခဏဖြစ်နေတာတွေကြောင့် ပြည်သူတွေ လိုအပ်တဲ့ အရေးကြီးတဲ့အချိန်တွေမှာ လုံလောက်တဲ့ အကူအညီတွေမရကြဘူးလို့ ဆိုပါတယ်။ 

ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးအပိုင်းကို စနစ်တကျတည်ဆောက်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ‌ ဦးကျော်ဇော် က ပြောပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မြို့နယ်၊ ကျေးရွာ၊ ခရိုင်မှာ ရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေဟာ စည်းကမ်းတကျနဲ့ ပြည်သူတွေကို ကူညီကာကွယ်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ စည်းကမ်းတွေ ချမှတ်ထားတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်တဲ့ကာလမှာ လိုက်နာရမယ့် Code of Conduct ကို အတိအလင်း ပြောပြထားတယ်။ သင်တန်းတွေမှာလည်း ပို့ချပြောကြားပေးနေတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေသေချာချာလိုက်နာရမယ်ဆိုတာ ပြောကြားချင်ပါတယ်။ အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေကလည်း စည်းနဲ့ကမ်းနဲ့ချထားတဲ့ စည်ကမ်းတွေကို လိုက်နာကျင့်သုံးပြီးတော့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးရမယ်ဆိုတာလည်း အရေးကြီးပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်သူလူထုရဲ့ထောက်ခံမှု အရေးကြီးတယ်။ လူထုရဲ့ ယုံကြည်စိတ်ချမှုကို ခံယူရမယ်။ တပ်ဖွဲ့ဝင်တွေကလည်း လက်နက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ရယ်၊ ပြည်သူလူထုကို ကာကွယ်ဖို့ရယ်၊ ကိုယ့်ဒေသကို ကာကွယ်ဖို့ရယ်အတွက်ပဲ သုံးရမယ်။ ပြည်သူတွေကို ဒုက္ခပေးဖို့မဟုတ်ဘူး ဆိုတာကိုလည်း သတိထားရပါမယ်။ ကျနော်တို့ အစိုးရအနေနဲ့လည်း အမြဲတမ်း သတိပေး ပြောကြားနေပါတယ်။ စည်းကမ်းချိုးဖောက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေတာလည်း ရှိပါတယ်။”

NUG က လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ PDF တွေကို စည်းကမ်းနဲ့အညီ အရေးယူမှာ ဖြစ်သလို ပြည်သူတွေကလည်း NUG ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို တော်လှန်ရေးအတွက် ဆက်လက်ထောက်ခံပေးဖို့ သမ္မတရုံးတာဝန်ရှိသူက မေတ္တာရပ်ခံပါတယ်။ 

စစ်ကိုင်းဒေသတွင်း ပြည်သူတချို့ကတော့ ပိုင်ဆိုင်မှုအားလုံး မီးလောင်ပျက်စီးခဲ့တဲ့အတွက် ကုန်းကောက်စရာမရှိတော့တဲ့ အခြေအနေအထိ ရောက်နေပြီလို့ ကနီမြို့နယ်၊ ဇီးပင်တွင်းရွာသူ တစ်ယောက်က ပြောပါတယ်။ 

ဇီးပင်တွင်းရွာကို စစ်ကောင်စီက ဩဂုတ် ၂၄ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နဲ့ နွားတဲ စုစုပေါင်း ၁၀၀ နီးပါးပျက်စီးခဲ့ပါတယ်။

ကနီမြို့နယ်၊ ဇီးပင်တွင်းရွာသူတဦးက “ကိုယ့်ထက်အဆင်မပြေတဲ့သူတွေဆိုရင် ဘာမှ ကုန်းကောက်စရာမရှိအောင် အကုန်ပါသွားတာ။ ကျမတို့ကတော့ အိမ်မကြီးတလုံး ပါတယ်။ စက်တွေထားတဲ့ တဲလေးတော့ ကျန်ခဲ့တာပေါ့။ တချို့ဆိုရင် အိမ်မကြီး၊ နွားတဲ ရှိသမျှအကုန် အိမ်သာပါ ပါသွားတာ” လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ ချင်း၊ မကွေးနဲ့ ကချင်ပြည်နယ်အောက်ပိုင်း နယ်စပ်ဒေတွေမှာ ဖြစ်နေတဲ့ အခြေအတွေဟာ အရမ်းရှုပ်ထွေးနေတဲ့အတွက် စစ်ကောင်စီ ပြုတ်ကျသွားရင်တောင် နောက်ဆက်တွဲဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးရှိနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။ 

ချင်းလက်နက်ကိုင်အဖွဲ့၊ နာဂ၊ ရှမ်းနီ၊ ကချင်နဲ့ စစ်ကိုင်းက PDF လက်နက်ကိုင်အဖွဲ့တွေအကြားမှာ ဖြစ်ပေါ်နေတဲ့ မကျေလည်မှုတွေကို NUG က မဟာဗျူဟာကျကျ ကိုင်တွယ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “NUG အနေနဲ့ သူတို့ ချမှတ်မျှော်မှန်းထားတဲ့ဟာထက် ပိုပြီးတော့ မဟာဗျူဟာပိုင်းဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ပြီးတော့ ကိုင်တွယ်မှရမယ့် အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက စစ်ကောင်စီ ပြုတ်ကျသွားရင်တောင်မှ နောက်ဆက်တွဲဖြေရှင်းရမယ့် ပြဿနာတွေ ရှိသေးတယ်လို့ မြင်တယ်။ ခုကတည်းက ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အကြံပေးချင်တယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ရှုပ်ထွေးလာတဲ့ လက်နက်ကိုင်လမ်းစဉ်ပြဿနာတွေကိုပါ ဖြေရှင်းရဖို့ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့အပြိုင် တိုက်ပွဲဝင်နိုင်ဖို့ ငွေကြေးလိုအပ်ချက်အပြင် အကျပ်အတည်းများစွာရှိနေပေမယ့် ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးကြိုးစားနေတယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ ပြည်တွင်းရာဇဝတ်မှုအဆင့်သာ မဟုတ်ဘဲ နိုင်ငံတကာ စစ်ရာဇဝတ်မှုအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် မကြာခင်အရေးယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ 

ကုလနဲ့အာဆီယံတို့ကလည်း မြန်မာ့အရေးအပေါ် လူသားချင်းစာနာထောက်ထားတဲ့ ရှုထောင့်ကနေ အဓိကထားကြည့်ပြီးတော့ ပြည်သူတွေကို အကူအညီပေးဖို့ သူက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013