DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် ထပ်တွေ့ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်ရောက်
DVB
·
August 29, 2022
စစ်ခေါင်းဆောင်နှင့် ထပ်တွေ့ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်ရောက်
Donate to DVB

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မနေ့မွန်းလွဲပိုင်းက  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ကိုရောက်ရှိလာပြီး တာချီလိတ်မှ ကျိုင်းတုံ၊ ကျိုင်းတုံလေဆိပ်မှ  လေကြောင်းခရီးနဲ့ နေပြည်တော်ကို  ရောက်ရှိလာတာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

RCSS ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး အခု ဒုတိယအကြိမ် ထပ်ရောက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်ကလည်း  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ်တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ အကြိမ်တွေ့ဆုံပွဲမှာတော့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြဖို့ သဘောတူညီနိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

တိုင်းရင်းသားအဖွဲ့တွေဘက်ကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ဆိုတာကို အမှန်တကယ်လက်ခံသလားဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

အန်အယ်လ်ဒီ အစိုးရလက်ထက်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ -ရာစု ပင်လုံ အစည်းအဝေးမှာတော့ တိုင်းရင်းသားအဖွဲ့တွေက  ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လုံးဝလက်မခံဘဲ  ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကိုသာအလိုရှိတဲ့အကြောင်း အခိုင်အမာရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ကတော့  အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးသွားရင် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ဆက်လက်ကိုင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပေးမယ်လို့ ပြောထားပါတယ်။ 

စစ်ကောင်စီဟာ တိုက်ပွဲတွေမဖြစ်တော့တာ ဆယ်စုနှစ်တွေနဲ့ချီနေပြီဖြစ်တဲ့   EAO အဖွဲ့တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီး လတ်လောတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ရခိုင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ဆွေးနွေးတာမရှိပါဘူး။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013