အွန်လိုင်းကနေ နိုင်ငံခြားသုံးငွေ ရောင်းချနေတဲ့လုပ်ငန်းတွေကို အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မနေ့ညက ထုတ်ပြန်ပါတယ်။
နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေတာတွေ၊ အွန်လိုင်းက တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေအပေါ် မယုံကြည်ကြဖို့နဲ့ အဲဒီလိုရောင်းဝယ်နေတဲ့ လုပ်ငန်းတွေကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ စည်းမျဉ်းတွေအရ ထိထိရောက်ရောက်အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီတင်သွင်းသူတွေကို နိုင်ငံခြားငွေကြေး လွယ်လွယ်ကူကူရရှိစေဖို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်က ဘဏ်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်ကြီးတွ ဆွေးနွေးဆောင်ရွက်နေပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေတဲ့ တခြားဆက်စပ်ဝန်ကြီးဌာနတွေနဲ့အတူ ထိန်းညှိပေးနေတယ်လို့လည်း စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဆိုပါတယ်။
လက်ရှိဈေးကွက်ထဲမှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေပြီး စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ် ဖြစ်ပါတယ်။
ဒီလို ဈေးတက်တာဟာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်မယ်လို့ကြေညာအပြီး အမေရိကန်ဒေါ်လာအားကောင်းနေတာကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ငွေကြေး တည်ငြိမ်စေဖို့ ကုန်သွယ်မှုမူဝါဒနဲ့ ငွေကြေးမူဝါဒတို့နဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဗဟိုဘဏ်က ဆိုပါတယ်။