DVB Logo
Home
မြန်မာသတင်း
AD လိုင်စင်ရဘဏ်များ ဝယ်ယူထားသည့် နိုင်ငံခြားသုံးငွေစာရင်း ယနေ့ နောက်ဆုံးပေးပို့ရန် ဗဟိုဘဏ် ညွှန်ကြား
DVB
·
August 26, 2022
AD လိုင်စင်ရဘဏ်များ ဝယ်ယူထားသည့် နိုင်ငံခြားသုံးငွေစာရင်း ယနေ့ နောက်ဆုံးပေးပို့ရန် ဗဟိုဘဏ် ညွှန်ကြား
Donate to DVB

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိတို့ ဝယ်ယူထားတဲ့ နိုင်ငံခြားသုံးငွေတွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ နောက်ဆုံးထားပေးပို့ကြဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဩဂုတ် ၁၆ ရက် ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းချက်ပါ စာတွေအရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေအနေနဲ့ ပို့ကုန်တင်ပို့သူတွေဆီက ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်း အနက်မှဖြစ်စေ၊ ကင်းလွတ်ခွင့်ရရှိတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ထံမှ ဖြစ်စေ နိုင်ငံခြားငွေတွေကို ဝယ်ယူခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် AD လုပ်ငန်းလိုင်စင်ရဘဏ်တွေအနေနဲ့ မိမိတို့ဝယ်ယူထားရှိတဲ့ အဆိုပါ နိုင်ငံခြားငွေတွေထဲက စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းချပေးခဲ့တဲ့ စာရင်းအား နိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို စာရင်းပြုစုပေးပို့ သွားရမှာပါ။

စာရင်းပြုစုပေးပို့ရမှာလည်း သြဂုတ် ၁၇ မှ ၂၆ ရက်အထိ စာရင်းအား ဒီနေ့ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။ ဒါပေမဲ့ လာမယ့် သြဂုတ် ၂၉ ရက်နေ့မှ စပြီး ညနေ ၅ နာရီ နောက်ဆုံးထားကာ နေ့စဉ် မပျက်မကွက် ပေးပို့သွားရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာအား နည်းလမ်းပေါင်းစုံနဲ့ လိုက်လံထိန်းချုပ်နေပေမယ့် နိုင်ငံခြားငွေကြေးနဲ့ တင်သွင်းနေရတဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ဈေးတွေက ဈေးကွက်မှာတော့ အကျမရှိ အတက်ပဲ ရှိနေတာပါ။

သုတေသီတဦးက “ဈေးကွက်စီးပွားရေးလို့ ကြေညာထားရင် ဈေးကွက်ယန္တရားနဲ့ အလုပ်လုပ်ရမှာပေါ့။ ဒီနေရာမှာ အစိုးရရဲ့ ထိန်းကျောင်းမှုက အနည်းဆုံးပဲ ရှိရမှာလေ။ တကယ်လို့ အခက်အခဲ အကျပ်အတည်းတွေ ပေါ်လာတယ်ဆိုရင်တော့ အစိုးရက ဝင်ရောက်ထိန်းကျောင်းပေးရမယ်ဆိုတာ စီးပွားရေး သီအိုရီမှာ ပြောထားပြီးသားပါ။ အစိုးရက ဝင်ထိန်းတယ်ဆိုရာမှာ မှန်မှန်ကန်ကန်နဲ့ ဝင်ထိန်းနိုင်တယ်ဆိုရင်တော့ ဈေးကွက်က မှန်မှန်ကန်ကန်နဲ့ လမ်းကြောင်းပေါ် ပြန်ရောက်သွားမှာပဲလေ။ အခုဟာက မှန်မှန်ကန်ကန်နဲ့ ဝင်ရောက်ထိန်းကျောင်းမှု မရှိဘူး။ မှားယွင်းတဲ့ ဝင်ရောက်စွက်ဖက်မှုသာ ဖြစ်နေတယ်။ ဆိုတော့ လိုတာထပ်ပိုပြီး ဝင်ရောက်စွက်ဖက်တော့ ဈေးကွက်ကို ပျက်ပြားစေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အဆိုအရ ဈေးနှုန်းသတ်မှတ်ရာမှာ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများအပေါ် နေ့စဉ်စောင့်နေပြီး သယ်ယူပို့ဆောင်ခစရိတ် အပါအဝင် ဘဏ်စရိတ်နဲ့ အခွန်အခများအား ထည့်သွင်း တွက်ချက်ပြီးနောက် ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ် ဖောက်ကားရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တပတ်မှာ တကြိမ် ထုတ်ပြန်ပေးနေတာ ရှိပါတယ်။

ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင်ဈေးအတွက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ ၁ ပိဿာကို  ၄၈၆၀ ကျပ်နှုန်းနဲ့ တွက်ချက်ပေးထားပေမဲ့ အဆိုပါနှုန်းက ပြီးခဲ့တဲ့ ရက်သတ္တပတ် ဈေးနှုန်းနဲ့ယှဉ်ရင် ၁ ပိဿာကို  ၇၂၀ ကျပ် မြှင့်တက်သွားပါတယ်။

ဈေးကွက်မှာတော့ စားသုံးဆီ ၁ ပိဿာဈေးနှုန်းက ရည်ညွှန်းဈေးနှုန်းထက် ၂ ဆ ကျော်ရှိနေတာပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရဲ့ ကြီးကြပ်မှုနဲ့ ဆီလုပ်ငန်းရှင်တွေက ရန်ကုန် မြို့နယ်တွေမှာ ရွေ့လျားစနစ်နဲ့ စားသုံးဆီအား ကိုတာစနစ် လိုက်လံရောင်းချပေးနေပါတယ်။

ကိုယ်တိုင်ဝယ်ယူခဲ့တဲ့ စားသုံးသူတဦးက “ဆီအသင်းက လိုက်ရောင်းပေးတဲ့ ဈေးက အပြင်ဈေးထက် သက်သာတော့ အခြေခံလူတန်းစားတွေအဖို့ ဆီဖိုးကနေ ဆန်ဖိုးလေး ပြန်ရတာပေါ့နော်။ ဒါပေမဲ့ သူတို့ လိုက်ရောင်းပေးတယ်ဆိုတာက အချိန်သတ်မှတ်ချက် မရှိဘူး။ အခါအားလျော်စွာ လိုက်ရောင်းတာဆိုတော့ နောက်တကြိမ် ဘယ်တော့ ပြန်လာရောင်းမလဲဆိုတာ ရောင်းပေးတဲ့သူတွေကိုယ်တိုင်က မသိကြဘူး။ ဒီတော့ ဆီလာရောင်းပြီဆိုရင် အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့လူတွေ အချင်းချင်းက လှမ်းအကြောင်းကြားပေးတာဖြစ်လို့ လူတွေများပြီး တန်းစီနေကြတာ။ ၈၈ တုန်းကလိုပေါ့။ ဆီတိုး၊ ဆန်တိုး ခေတ်ဆီ ပြန်သွားနေကြရပြီ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီ လိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းလောက် ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သိန်းခန့်သာ ရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်အား ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရပါတယ်။ ဒီပမာဏက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိနေတာပါ။

အလားတူ စက်သုံးဆီလိုအပ်ချက်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို ပြည်ပကနေ တင်သွင်းနေေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီခေါင်းဆောင်က ပြည်ပကနေ တင်သွင်းနေရတဲ့ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းတွေကို လျှော့ချမယ်လို့ ပြောဆိုပြီးတဲ့နောက် စက်သုံးဆီဈေးနှုန်းက တစတစနဲ့ မြှင့်တက်လို့ လာပါတယ်။ ဒီကနေ့  (သြဂုတ် ၂၆ ရက်) အတွက် ရန်ကုန်စက်သုံးဆီ ဈေးကွက်မှာ ၁ လီတာကို အောက်တိန်း (၉၂) ၂၄၉၅ ကျပ်၊ အောက်တိန်း (၉၅) ၂၅၇၀ ကျပ် နဲ့ ဒီဇယ်(ရိုးရိုး) ၃၂၂၅ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၃၃၀၅ ကျပ် အထိ ရှိလာပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေ ရည်ညွှန်းလဲလှယ်နှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် ရှိပေမဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၃၀၀၀ နဲ့ ၃၁၀၀ ကျပ် အကြားမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013