DVB Logo
Home
မြန်မာသတင်း
၁ နှစ်အတွင်း ကရင်နီပြည်ရဲ (KSP) က ရဲစခန်း ၇ ခုနှင့် လုံခြုံရေးကင်း ၂ ခု ဖွင့်လှစ်နိုင်ခဲ့
DVB
·
August 25, 2022
၁ နှစ်အတွင်း ကရင်နီပြည်ရဲ (KSP) က ရဲစခန်း ၇ ခုနှင့် လုံခြုံရေးကင်း ၂ ခု ဖွင့်လှစ်နိုင်ခဲ့
Donate to DVB

စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ဖွဲ့စည်းတည်ထောင်တာ ဒီကနေ့ဆိုရင် ၁ နှစ်တိတိပြည့်ပြီ ဖြစ်ပါတယ်။

အမျိုးသမီး ၂၇ ရာခိုင်နှုန်းပါဝင်တဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ဟာ တနှစ်အတွင်း  ပြည်သူလူထုကို အခြေပြုကာ ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဲစခန်း ၇ ခုနဲ့ လုံခြုံရေးကင်း ၂ ခု ဖွင့်လှစ်ပြီး အမှုပေါင်း ၂၃၅ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမှုဖွင့်ထားတဲ့အထဲမှာ စစ်ကောင်စီသတင်းပေးမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ မူးယစ်ရမ်းကားမှု၊ ခိုက်ရန်ဖြစ်ပွားမှု စတဲ့အမှုတွေကို ဖြေရှင်းဆောင်ရွက်ခဲ့သလို ပြည်သူ့လုံခြုံရေးကိစ္စတွေအတွက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပြုနေတဲ့ နေရာမှာ လုံခြုံရေးရဲကင်း ၂ ခု ထားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KSCC ရဲ့ လမ်းညွှန်မှုအရ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းတွေကို လေးစားလိုက်နာပြီး နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းသားပေါင်း ၆၀ ကို ပြစ်ဒဏ်ကနေ လျှော့‌ပေါ့ပေးကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းလည်း KSP ရဲ့ ဒီကနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ခူးထဲဘူးက “KSP ဟာ စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွဲ့စည်းထားတဲ့ CDM ရဲအဖွဲ့ဖြစ်ပြီး ပြည်သူလူထုကို ဝန်ဆောင်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေဆီက အဆက်မပြတ် လေ့လာသင်ယူကာ လူမှုအခြေပြု ဒီမိုကရက်တစ် ရဲလုပ်ငန်းနဲ့အညီ လူ့အခွင့်အရေးကို ရှေးရှုပြီး ပြည်သူ့လုံခြုံရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်” လို့ သဝဏ်လွှာပေးပို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ငန်း ယန္တရားတွေကို ကျားကန်ပေးတဲ့ သတင်းပေး ဒလန်တွေနဲ့ တပ်ထောက်ခံသူတွေ အပါအဝင် မူးယစ်းဆေးဝါးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ရမ်းကားမှု၊ မုဒိမ်းမှု၊ ခိုးမှု၊ တပ်ပြေးရဲပြေးနဲ့ စစ်သုံ့ပန်းတွေကို ကိုင်တွင်ဖြေရှင်းရာမှာ လူသားဆန်ပြီး လက်ရှိအချိန်အထိ အမှုပေါင်း ၂၃၅ မှုကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် KSP ကို ချီးကျူးမိတယ်လို့လည်း ခူးထဲဘူးက ဆိုပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းဘီထူးကလည်း ကရင်နီပြည် ပြည်သူ့ရဲဌာနနဲ့အတူ စတင်ဖွဲ့စည်းစဉ်ကတည်းက အခုချိန်ထိ လက်တွဲလုပ်ဆောင်ခဲ့သလို ရဲဌာန တိုးတက်ပြောင်းလဲရေး အကြံပြုခွင့်ရတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူကြောင်း တနှစ်ပြည့် ပေးပို့တဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ရဲတပ်သားတွေဟာ ကိုယ်ကျိုးစွန့်ပြီး ရဲဝန်ဆောင်မှု လိုအပ်ချက်အတွက် အမှန်တကယ် အနစ်နာခံ လုပ်ဆောင်နေတဲ့ သူရဲကောင်းဖြစ်သလို လူထုကို အမှန်တကယ် ကာကွယ်ပေးနေတာ တွေ့ရှိရကြောင်းလည်း ချီးကျူးခဲ့ပါတယ်။

KSP အနေနဲ့ တော်လှန်ရေးအလွန် အနာဂတ်နိုင်ငံရေးစနစ်အောက်မှာ ကရင်နီပြည်နယ်ရဲအဖွဲ့ ရပ်တည်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်သလို ကရင်နီပြည်နယ်အရေး သာမက ဖက်ဒရယ်ပြည်ထောင်စုအဆင့်မှာ ရဲတွေရဲ့ဂုဏ်နဲ့ ရည်မှန်းချက်ကို စံပြဖော်ဆောင်စေလိုကြောင်းလည်း ခွန်းဘီထူးက တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကို ၂၀၂၁ ခု ဩဂုတ် ၂၅ ရက်က ဖွဲ့စည်းခဲ့ပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဟာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ် စောင့်ရှောက်သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013