DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားအများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ရန် အီးယူနှင့် ၅ နိုင်ငံ ပူးပေါင်းတိုက်တွန်း
DVB
·
August 25, 2022
ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားအများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ရန် အီးယူနှင့် ၅ နိုင်ငံ ပူးပေါင်းတိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေ ဆယ်စုနှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင် စစ်အစိုးရနဲ့ သူတို့ရဲ့  အုပ်ချုပ်မှုအောက်မှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ အီးယူနဲ့  တခြားနိုင်ငံ ၅ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထိုးနှက် တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ပဋိပက္ခဖြစ်မှု ၅ နှစ်မြောက်အဖြစ် ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ဥရောပသမဂ္ဂ ကိုယ်စားအထူးကိုယ်စားလှယ်နဲ့  ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲသဘောထားထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာ စစ်တပ်ဟာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေကြောင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံး ရာဇဝတ်မှုမြောက်တဲ့အပေါ် လက်ရှိ စစ်ဆေးနေတဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တင်သွင်းလျှောက်ထားမှု အပါအဝင် ကျူးလွန်သူမှ တာဝန်ခံမှုရှိစေရေးကို လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှ လောလောလတ်လတ် ချမှတ်ထားတဲ့ အမိန့်ကို လိုက်နာဖို့လည်း အနောက်နိုင်ငံတွေက တိုက်တွန်းပါတယ်။

ရိုဟင်ဂျာတွေ နေရပ်သို့  လုံခြုံစွာ၊ ရေရှည်တည်တံ့စွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆွေးနွေးရာမှာ ရိုဟင်ဂျာအရေးကိုပါ အဓိပ္ပာယ်ရှိစွာ ထည့်သွင်း ဆွေးနွေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသား လူနည်းစုတွေအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိခိုက်လွယ်တဲ့ ပြည်သူတွေအပေါ်  ဒီနေ့အချိန်အထိ ဆက်တိုက်ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေဟာ ပြစ်တင်ရှုတ်ချထိုက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့လည်း အနောက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ပြောပါတယ်။

မြန်မာအစိုးရအဆက်ဆက်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်းနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာ မရှိကြောင်း ငြင်းဆိုထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013