DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အခြေအနေ ဆက်လက်ဆိုးရွားနေ၊ စစ်ဘေးနှင့် ရေဘေး ဒုက္ခသည်များ ထပ်တိုးလာဟု ကုလထုတ်ပြန်
DVB
·
August 24, 2022
ရခိုင်ပြည်နယ်အခြေအနေ ဆက်လက်ဆိုးရွားနေ၊ စစ်ဘေးနှင့် ရေဘေး ဒုက္ခသည်များ ထပ်တိုးလာဟု ကုလထုတ်ပြန်
Donate to DVB

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား  လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဆက်လက်ဆိုးရွာနေဆဲဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေရှိသလို သဘာဝဘေးကြောင့်လည်း အိုးအိမ်စွန့်ခွာရသူတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်မှာ လက်နက်ကြီးတွေအသုံးပြုပစ်ခတ် တိုက်ပွဲပြင်းထန်နေသလို ရသေ့တောင်မြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် အိမ်ထောင်စု ၁၀၀ လောက် (လူဦးရေ ၃၆၄ ဦး) ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ  ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေက ကူညီပေးထားတယ်လို့ ဆိုပါတယ်။

အလားတူ  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ဩဂုတ်လဆန်းပိုင်းကတည်းကစပြီး လက်နက်ကိုင်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွေဆီကို ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်တာတွေ ကန့်သတ်ထားရကာ ကုန်းလမ်းနဲ့ ရေလမ်း ပိတ်ဆို့ထားတာတွေ အပါအဝင် နေရာအများအပြားမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။

ယခင်တိုက်ပွဲတွေကြောင့် ပလက်ဝမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၅,၅၀၀ နီးပါး ရှိနေပြီး သူတို့ကို ‌ဒေသခံမိတ်ဖက်အဖွဲ့တွေက အခြေခံလိုအပ်ချက်တွေ ကူညီပေးနေပေမဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် သွားရောက်ကူညီဖို့ ခက်ခဲနေပါတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တလုံး ရွှေ့ပြောင်းနေထိုင်ရာစခန်းနဲ့ ရပ်ကွက်အများအပြားမှာ ရေကြီးရေလျှံပြီး လူဦးရေ ၈၀ လောက်နဲ့ ရွှေ့ပြောင်းနေထိုင်ရာစခန်းက မိသားစု ၁၅ စုတို့ကို ယာယီရေဘေးရှောင်စခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကျောက်တလုံးစခန်းက ရေနဲ့မိလ္လာဆိုင်ရာ အဆောက်အအုံတွေအပါအဝင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်နေပေမဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းနေတဲ့ အကြောင်းနဲ့ ကုလသမဂ္ဂက စိုးရိမ်တာကို မိမိ နားမလည်တဲ့ အကြောင်း ပြောထားပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက မောင်တောဒေသကို ဖြတ်လေးဖြတ် အသုံးပြုပြီး ရက္ခိုင်တပ်တော် (အေအေ)တပ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို လူအင်အား၊ လက်နက်အင်အား အမြောက်အမြားလည်း ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013