DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ သွားရောက်
DVB
·
August 24, 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ သွားရောက်
1 / 2
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဩဂုတ်လ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ရှိ  ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုသွားရောက်ပြီး သူတို့ရဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေ ဒီစခန်းတွေမှာ ဘယ်လိုနေထိုင်နေကြရတယ်ဆိုတာရယ်၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ထဲကိုပြန်ဖို့ ဘယ်လိုမျှော်လင့်ထားတယ်ဆိုတာအပါအဝင် သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို လေ့လာဖို့ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရက်ဂီနာဒီလာပေါ်တီလာက ပြောပါတယ်။

သူတို့နဲ့ စကားပြောဖြစ်ခဲ့သမျှ ရိုဟင်ဂျာတိုင်းက သူတို့ရဲ့ မူလနေရပ်ကို ပြန်လိုတဲ့ဆန္ဒရှိကြောင်း ပြောခဲ့ကြပြီး တည်ငြိမ်အေးချမ်းစွာ နေရပ်ပြန်နိုင်ရေးကိုအလေးထား ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

သူတို့ရဲ့ အသက်နဲ့ ဥစ္စာလုံခြုံရေးအာမခံချက်ရှိပြီးတော့ နိုင်ငံသားအခွင့်အရေးတွေရမယ်ဆိုရင် သူတို့ရဲ့နေရပ်ကို ပြန်လိုကြောင်းရိုဟင်ဂျာတွေက ပြောတယ်လို့လည်းဆို ပါတယ်။

နိုလင်းဟေဇာကတော့ ရိုဟင်ဂျာအမျိုးသားတွေရော အမျိုးသမီးတွေနဲ့ပါ တွေ့ဆုံစကားပြောခဲ့ပြီး ကူညီထောက်ပံ့မှုတွေ အညီအမျှ မရကြတဲ့ အခြေအနေကို မေးမြန်းစုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ သူ့ရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့သီတင်းပတ်က  နေပြည်တော်ကို သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ရိုဟင်ဂျာပေါင်း ၁ ဒသမ ၂ သန်း ကျော် နေထိုင်နေကြတဲ့ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချီလက်လာရောက်ခဲ့ပြီး နောက်တစ်ပတ်အကြာမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က နောက်ထပ်သွားရာက်ခဲ့တာလည်း ဖြစ်ပါတယ်။

မီရှဲလ်ဘာချီလက်ကတော့ ရိုဟင်ဂျာစခန်းတွေရဲ့ လုံခြုံရေးအခြေအနေ၊ ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ လာရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဆန့်ကျင်ရေး လှုံဆော်မှုတွေများပြားလာတာ၊ ရိုဟင်ဂျာတွေဟာ ရာဇဝတ်မှုတွေရဲ့ ရေသောက်မြစ်ဖြစ်တယ်ဆိုတဲ့ အယူအဆတွေများပြားလာပြီး ရာဇဝတ်မှုတွေကို ရိုဟင်ဂျာတွေအပေါ် အပြစ်ပုံချလာတာတွေကို စိုးရိမ်မိတယ်လို့ မီရှဲလ်ဘာချီလက်က ပြောခဲ့ပါတယ်။

မြန်မာပြည်ကနေ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးလာတာ ၅ နှစ်ပြည့်ပြီးတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့ ထိပ်တန်းအရာရှိနှစ်ယောက် သူတို့ရဲ့စခန်းကိုရောက်လာတာဟာ ကာလရှည်ကြာစောင့်မျှော်နေရတဲ့ သူတို့ရဲ့ နေရပ်ပြန်နိုင်ရေးအတွက် အလားအလာကောင်းဖြစ်ဖို့ ရိုဟင်ဂျာတွေကမျှော်လင့်နေကြပါတယ်။

လတ်တလော ရခိုင်ပြည်နယ် မောင်တောဒေသမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။

ရိုဟင်ဂျာအတော်များများက သူတို့အတွက်အခြေအနေတွေ လုံခြုံအေးချမ်းမယ်၊ လွတ်လွတ်လပ်လပ်သွားလာခွင့်လည်းရှိပြီး နိုင်ငံသားဖြစ်ခွင့်ရရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်ချင်ကြောင်း ပြောကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရှားဘီးယားမန်တူးက ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုဟင်ဂျာစခန်းတွေမှာ လူဦးရေမတန်တဆများပြားနေပြီး သူတို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ လုံးဝမှီခိုနေရတယ်လို့ ရှားဘီးယားမန်တူးက ပြောပါတယ်။

အခုချိန်မှာ ရန်ပုံငွေမလုံလောက်တာကြောင့် အာဟာရမပြည့်ဝတာ၊ အိမ်အသုံးအဆောင် မလုံလောက်တာ၊ ကျန်းမာရေးအထောက်အကူပစ္စည်း မလုံလောက်ခြင်းစတဲ့ နေ့စဉ်ဘဝစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွက် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိရာနေရာက ဒေသခံလူ့အဖွဲ့အစည်းတွေ အပါအဝင် စုစုပေါင်းလူဦးရေ ၁ ဒသမ ၄ သန်းအတွက် ထောက်ပံ့ကူညီရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၁ သန်းလိုအပ်ပြီး အခုချိန်အထိ ရန်ပုံငွေကောက်ခံရရှိမှုဟာ အမေရိကန်ဒေါ်လာ ၄၂၆ ဒသမ ၂ သန်းရှိပြီး ရန်ပုံငွေလိုအပ်ချက်ရဲ့ ၄၉ ရာခိုင်နှုန်းသာရှိသေးတယ်လို့ သိရပါတယ်။

Photo- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013