DVB Logo
Home
မြန်မာသတင်း
တာဝန်သိ ပြည်သူများ NUGPay ဖြင့် အခွန်ထမ်းဆောင်နိုင်
DVB
·
August 24, 2022
တာဝန်သိ ပြည်သူများ NUGPay ဖြင့် အခွန်ထမ်းဆောင်နိုင်
Donate to DVB

တာဝန်သိ ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရဆီ NUGPay ကတဆင့် အခွန်ထမ်းဆောင်နိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

အခွန်ထမ်းပြည်သူတွေအနေနဲ့ ပထမဆုံးအဆင့်အနေနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ အခွန်ပေး ဆောင်ဖို့ ဖြည့်သွင်းရမယ့် ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းရမှာဖြစ်ကာ ဖြည့်သွင်းပြီးရင်တော့ အခွန်ထမ်းဆောင်ဖို့ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်တဲ့ Email တစ်စောင်ရရှိမှာ ဖြစ်ပါတယ်၊၊

ငွေပေးချေမှုကိုတော့ အီးမေးလ် မှာပေးထားတဲ့ NUG ရဲ့ နိုင်ငံခြားဘဏ်ကို ကိုယ်တိုင်ဖြစ်စေ၊ တခြားယုံကြည်ရသူက တဆင့်ဖြစ်စေ ငွေလွှဲတာ၊ ဒါမှမဟုတ် အီးမေးလ် မှာပေးထားတဲ့ QR code ဆီ NUGPay နဲ့ ငွေလွှဲတာ စတဲ့ ပုံစံ ၂ မျိုးနဲ့ ပြုလုပ်နိုင်မှာဖြစ်ပြီး ငွေလွှဲပြီးရင်တော့ ပုံစံ (ခ-၀၀၁) ကို ငွေလွှဲပြီးကြောင်း အထောက်အထားပြေစာနဲ့တကွ ဖြည့်သွင်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ပုံစံ (ခ-၀၀၁) ဖြည့်သွင်းပြီး တစ်လအတွင်း Unique Identification Number (UID) နဲ့တကွ ဂုဏ်ပြုမှတ်တမ်းကို Email မှ လက်ခံရရှိမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို https://ird.nug-mm.net မှာ လေ့လာနိုင်သလို အခွန်ထမ်းပြည်သူအများစု သိလိုတဲ့ မေးခွန်းတွေကိုလည်း https://nug-mm.net/%e1%80%a1%e1%80%99%e1%80%a1%e1%80%96.../ မှာ လေ့လာနိုင်ဖို့ ဖော်ပြထားပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက် ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံးပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေးယန္တရားအောက်မှ လုံးဝလွတ်ကင်းတဲ့ ငွေပေးချေမှုစနစ်တခုဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး NUGPay ရဲ့ Pilot Project ကိုတော့ Wallet ပေါင်း “တသောင်း” နဲ့သာ စတင်လည်ပတ်မှာဖြစ်ပြီး လက်ရှိမှာ ပြည်သူအားလုံး လက်လှမ်းမီနိုင်သေးမှာ မဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနကတော့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်း မရှိသေးတဲ့ ပုဂ္ဂိုလ်စုနဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်  လျှောက်ထားကြဖို့ ထုတ်ပြန်ကြေညာခဲ့ပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်ပါမှ သွင်းကုန်ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုမယ်လို့ အကြပ်ကိုင်ခြိမ်းခြောက်ထားပါတယ်။

အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer’s Identification Number-TIN) ရရှိပြီးတဲ့ အခွန်ထမ်းကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း စတဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ငွေပေးချေမှုတွေ ဆောင်ရွက်တာ၊ ကုန်စည်တင်သွင်းတာ၊ ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားတာနဲ့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အခွန်ထမ်း မှတ်ပုံတင်အမှတ်နဲ့သာ ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အခွန်ထမ်းပြည်သူတွေအနေဲ့ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မဆောင်ဖို့ ဆော်သြထားပြီး တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် အခွန်ဆောင်လိုတဲ့ ပြည်တွင်း၊ ပြည်ပက အခွန်ထမ်းပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို မိမိကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ အွန်လိုင်း ပလက်ဖောင်းကနေ တဆင့် ပေးဆောင်နိုင်တယ်လို့ ပြောထားပါတယ်။

အခွန်ထမ်းဆောင်ပြီးပါက အခွန်ထမ်းသူ တဦးတည်းသာ သိရှိနိုင်တဲ့ Unique Identification Number ကို မှတ်တမ်းတင်ထားမှာ ဖြစ်ကာ တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ထူထောင်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေကို မိမိတို့ လက်ဝယ်ရှိ Unique Identification Number မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အခွန်အထူးကင်းလွတ်ခွင့်ကို ရယူနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013