DVB Logo
Home
မြန်မာသတင်း
မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်
DVB
·
August 23, 2022
မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေကားလမ်း (သုံးထပ်ကွေ့)အနီး နယ်မြေ လုံခြုံရေးယူထားတဲ့ ကော်ဘရာစစ်ကြောင်းကို ဩဂုတ် ၂၃ ရက် မနက် ၉ နာရီကစတင်ပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ နယ်မြေကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်‌အောက်ခံ နည်းဗျူဟာ ၄၄၁ ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေဖြစ်တဲ့ ခမရ ၁၀၂၊ ခလရ ၈၊ ခလရ ၂၀၇၊ ခမရ ၁ တပ်ရင်းတွေအပြင် လေးကေ့ကော်ဒေသ ရှေ့တန်းတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၁၁၈၊ ခမရ ၂ တပ်တွေနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို မြေပြင်လက်နက်ကြီးတွေအပြင် လေကြောင်းကပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်းဘက်က လုံခြုံရေးရယူထားတဲ့ ကုန်းတခုကို ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါအပြင် စစ်ကူအနေနဲ့ လက်ရုံးတပ်တွေဖြစ်တဲ့ အမြောက်တပ်ရင်း၊ ဒုံးတပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ၊ ၁၂၂ မမ ဟောက်ဝစ်ဇာအမြှောက်တွေ၊ ၈၄ မမ ‌နဲ့ MLRS အတွဲလိုက်ပစ်ဒုံးတွေနဲ့ တရစပ်အပြင်းအထန် ပစ်ခတ်ပြီး နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားလာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ  မနက် ၁၀ နာရီလောက်မှာ မှော်ဘီလေတပ်စခန်းကနေ Yak (130) အမျိုးအစား တိုက်လေယာဉ် ၄ စီး၊ တောင်ငူလေတပ်စခန်းကနေ တိုက်လေယာဉ် ၁ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ထပ်မံပြီး မွန်းလွဲ ၃ နာရီလောက်မှာ  မှော်ဘီလေတပ်စခန်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ ကလက်စတာ ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေအလွန်အကျွံအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအားလုံး ညနေ ၄ နာရီလောက်မှာ ငြိမ်သက်သွားခဲ့ပြီး တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းက စစ်သည် ၁ ဦး အသက်ပေးလှူခဲ့ရပြီး စစ်သည် ၃ ဦး (မစိုးရိမ်ရ) ၊ ၁ ဦး (စိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျကို စစ်‌မြေပြင်အခြေအနေအရ အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013