DVB Logo
Home
မြန်မာသတင်း
မမများနဲ့ ပွဲကမယ်-စစ်ကိုင်းအောင်ပွဲအတွက် DVB အပါအဝင် မီဒီယာများကို NUG ဂုဏ်ပြု
DVB
·
August 23, 2022
မမများနဲ့ ပွဲကမယ်-စစ်ကိုင်းအောင်ပွဲအတွက် DVB အပါအဝင် မီဒီယာများကို NUG ဂုဏ်ပြု
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ပရောဂျက်အောင်ပွဲအတွက် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ဘက်တော်သားမီဒီယာတွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ပြည်သူ့ဘက်တော်သားမီဒီယာတွေထဲမှာတော့ DVB သတင်းဌာနအပါအဝင် ခေတ်သစ်မီဒီယာ၊ PVTV၊ မဇ္ဈိမမီဒီယာ၊ D Day Channel တို့လည်း ပါဝင်နေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးရည်ရွယ်ကာ မြန်မာတနိုင်ငံလုံးမှာ အဘက်ဘက်က တိုက်ပွဲဝင်နေကြတဲ့ အမှန်တရားဘက်တော် သားတွေအတွက် မမများနဲ့ ပွဲကမယ်(စစ်ကိုင်းဒေသ)ပရောဂျက်မှာ ဉာဏအားနဲ့ ပါဝင်ကူညီအားဖြည့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

“နွေဦးတော်လှန်ရေးအတွက် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိအရေးပါ၊ အရာရောက်တယ်ဆိုတာ ပြည်သူအားလုံးသိပြီးဖြစ်မှာပါ။ ပြည်သူတွေကို သတင်းအမှန်ပြန်ကြားရေး၊ အချိန်နဲ့ တပြေးညီ သတင်းပို့ဆောင်နိုင်ရေးတွေမှာ အန္တရာယ်အခက်ခဲတွေကြားက ကြိုးစားထမ်းဆောင်ရင်း၊ တာဝန်ပေးနေခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား မီဒီယာများ… “ပြည်သူ့အောင်ပွဲ - မိုင်တိုင်အမှတ်(၂)”အတွက် မမပရောဂျက် (စစ်ကိုင်း) အောင်မြင်ရေးအတွက် ပံ့ပိုးပေးကြသူတွေများစွာထဲက ဒုတိယတဖြတ်အဖြစ် ပြည်သူ့မီဒီယာများကို လေးစားစွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။….. မမရဲ့ ပထမပရောဂျက်ကတည်း က ဒီသတင်းမီဒီယာတွေရဲ့ ခွန်အားနဲ့ ပံ့ပိုးပေးမှူတွေဟာလည်း မမပရောဂျက်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ ပြောရရင် ပြည်သူကြား မမရယ်လို့ အလျင်မြန်ရောက်ရှိပြီး အားလုံးရဲ့ ခွန်အားတွေ လျင်လျင်မြန်မြန်စုပေါင်းမိစေဖို့ဆိုတာ ဒီလိုပြည်သူ့ဘက်ကရပ်တည်ထားတဲ့ မီဒီယာတွေနဲ့ Celebrities တွေအားက တကယ်သက်ရောက်မှုပြင်းထန်ခဲ့ပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဒီပရောဂျက်မှာ ပါဝင်ပံ့ပိုးပေးခဲ့တဲ့ မင်းမော်ကွန်း၊ ချစ်သုဝေ တို့ အပါအဝင် အနုပညာရှင်တွေနဲ့ Social Influencer တွေကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို  ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာဖြစ်ကာ ကမ်ပိန်းပြီးဆုံး ချိန်မှာတော့ ကျပ်သိန်းပေါင်း ၂၇,၇၀၀ ထိ စံချိန်တင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013