DVB Logo
Home
Lead Story
မန်ဒါလီဖင်နဲ့ မအလ (သရော်စာ)
DVB
·
August 23, 2022
မန်ဒါလီဖင်နဲ့ မအလ (သရော်စာ)
Donate to DVB

အဘဆီ မရောက်တာကြာပြီ။ အဘတိုင်းမှူးဆီ သွားဂါရဦးမယ်။ အဘကိုဂါမှ ငပွေး လုပ်ကွက်ရမည် မဟုတ်လား။ လမ်းထိပ်က စတိုးဆိုင်မှာ အဘကို ဂါဖို့ ပစ္စည်းဝင်ဝယ်ရတယ်။

အနှီသို့ ပဏာပျိုးလိုက်သည်နှင့် သတင်းသမားလေး မောင်ငပွေး တော်လှန်စိတ်ပျောက် ဗွေဖောက်ပြီး စစ်ခေါင်းဆောင်တသိုက်ကို ရှိခိုးဦးတင် ကျွမ်းတော်ဝင်နေပြီဟု မထင်လိုက်ကြပါလေနှင့်။ ရှင်းအောင် လင်းပါမည်။

သည်လိုပါခင်ဗျာ။ မောင်ငပွေးတို့ ရပ်ကွက်ထဲမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတယောက် ရှိပါတယ်။ ဆရာကြီးရဲ့ အမည်ရင်းက ဦးတိုင်းအောင် ဆိုပေမဲ့ ရပ်သတင်း ရွာသတင်းတင်မက နိုင်ငံတကာသတင်းကိုပါ မျက်ခြည်မပြတ်တဲ့သူ ဖြစ်တာကြောင့် ရပ်ကွက်က ချစ်စနိုးနဲ့ တိုင်းမှူးလို့ ခေါ်ကြတာပါ။ အခုလည်း ရေးစရာ အိုင်ဒီယာ ခမ်းလာတဲ့ ငပွေးက အဘတိုင်းမှူးကို ထိုင်းနိုင်ငံထုတ် ဝေဖာအကြီးတထုပ်နဲ့ ဂါရဝပြုပြီး သူမသိလိုက်တဲ့ သတင်းတွေ နှိုက်ထုတ်ဖို့ ချီတက်လာတာပါ။

အိမ်ခြံဝန်းထဲ လှမ်းဝင်လိုက်တာနဲ့ ဗာဒံပင်ရိပ်အောက်က ကွပ်ပျစ်ပေါ်မှာ ရေဒီယိုကလိနေတဲ့ အဘတိုင်းမှူးကို လှမ်းမြင်ရတော့တာပါပဲ။ အဘက BBC၊ DVB၊ VOA၊ RFA တို့သာမက ခုချိန် ဘယ်သူမှ နားမထောင်တော့တဲ့ မြန်မာ့အသံကိုပါ ဖမ်းယူနားထောင်တတ်တဲ့ ရေဒီယိုခရေစီ စစ်စစ်။ အဲ .... ရေဒီယိုနဲ့ပြီးရိုးလား။ နိုး။ နိုး။ မျက်မှန်ကြီးတဝင့်ဝင့်နဲ့ ဖေ့စ်ဘွတ်ခ်က ပွတ်ပေးသဗျ။ ဒီတော့ ဘယ်သတင်းမှ သူ့နား၊ သူ့မျက်စိကနေ လက်ကြားယိုသွားတယ်ဆိုတာ မရှိ။

“အဘရေ .... အဘ .... အဘရဲ့ ခွေးကြည့်ပါဦးဗျ”

ငပွေးအသံကြားမှ သူ့လက်ထဲက ရေဒီယိုကြီး ချပြီး

“ငနက်က အမယ်ကြီး ဈေးဝယ်သွားတဲ့နောက် လိုက်သွားသဟ၊ ရဲရဲသာဝင်ခဲ့၊ ငပွေးမို့လားဟ” လို့ နှာရင်းဖျားဆင်းနေတဲ့ မျက်မှန်ကို ပင့်တင်ရင်း အသံပြန်ပြုတော့မှ ငပွေးလည်း ရှေ့တိုးရဲတော့တာကလား။

“အဘအတွက် မုန့်”

ကွပ်ပျစ်ပေါ် မုန့်ထုပ်ချရင်း ငပွေး  လောကွက်ချော်လိုက်တော့

“အံမယ် ... ဝေဖာတဲ့၊ ငါ့များ မဝါးနိုင်၊ မစားနိုင်တဲ့အရွယ် မှတ်နေလား ငပွေး၊ ဟိုမအေပေး မအလနဲ့တောင် အပြေးပြိုင်လိုက်ချင်သေး”

“အပြေးပြိုင်ရင် အဘနိုင်ချင် နိုင်မှာပါ့၊ အဝါးပြိုင်ရင်တော့ အဘ ရှုံးမှာ သေချာတယ်။ မအလ နိုင်ငံ့ဘဏ္ဍာ အကုန်ဝါးနေကြဟာကို”

“အိမ်း! ဒါတော့ ဟုတ်သဟ”

အဘတိုင်းမှူး ကော့ထားတဲ့ရင်ဘတ် နှိမ့်ချပြီး ခေါင်းလေးတညိတ်ညိတ်လုပ်ရင်း ငပွေးစကားကို ထောက်ခံတယ်။

“ငပွေး ... မအလက လူကသာ ပေမမီ၊ ဒေါက်မမီတာ လေလုံးက အထွားကြီးဟ ... သိလား”

“ဟုတ်လား ... လုပ်စမ်းပါဦး ၊ အဘ ဘာတွေကြားထားသေးတုန်း”

ကွပ်ပျစ်ပေါ်က ဓာတ်ဘူးလှမ်းယူ အကြမ်းခွက်ထဲ ရေနွေးငှဲ့ရင်း ငပွေး စကားထောက်ပေးလိုက်တယ်။

“မနေ့ကလုပ်တဲ့ နစက အစည်းအဝေးမှာလေ မိုးစပါးနဲ့ နွေစပါး တင်းပေါင်း ၇၅ သန်းခန့် ပိုထွက်အောင် လုပ်ရမယ်လို့ ပြောနေပြန်သဟ။ ပိုရရမှာ ပိုထွက်အောင်လုပ်ရမယ့် အရေအတွက်ကိုက တင်းပေါင်း ၇၅ သန်းတဲ့ကွာ”

အဘတိုင်းမှူးကို စချင်တာကြောင့် ငပွေးက

“နို့ ... မဖြစ်နိုင်စရာအကြောင်း မရှိဘူးမို့လား အဘရဲ့၊ မအလကြံ ဘယ်ခံနိုင်လိမ့်မလဲ” လို့ ပင့်ပေးလိုက်တော့

“လဖွတ်၊ ထပ်သရီး .... ကြံချင်တိုင်း ကြံလို့ရရအောင် မယ်ကြူ မဟုတ်ဘူးဟ၊ ဒါက လယ်ကိစ္စ .... လယ်ကိစ္စကွ။ စပါးအထွက်ကောင်းတဲ့ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူ နယ်တကြော ထင်သလို စစ်ကြောင်းထိုး သတ်ဖြတ် မီးရှို့နေတဲ့ကောင်က စပါးအထွက်တိုးချင်သေးသတဲ့၊ ထွီ”

“အာ ... အဘကလည်း ကျုပ် စင်ပါဦးမယ်၊ စိတ်လျော့ပါဗျာ”

“ဒီမယ် ငပွေး၊ လယ်သမားမပျော် အထွက်မတော်ဆိုတဲ့စကား ရှိသကွ၊ မင့်မှတ်ထား၊ မြေဩဇာတွေ ဘယ်လောက်ကျွေးကျွေး၊ ပိုးသတ်ဆေး ဘယ်လိုဖျန်းဖျန်း လယ်သမား မပျော်လို့ကတော့ စပါးအထွက် မတော်ဘူး၊ အထွက် ဆုတ်ယုတ်မယ်လို့ ဆိုတာကွ”

“ဟုတ်ကဲ့ ... မှတ်ထားပါ့မယ် အဘ”

ငပွေးလည်း ဆက်မပင့်ရဲတော့ဘဲ လျှောချလိုက်ရတယ်။ မလျှောချလို့ကမဖြစ်။ မအလအပေါ် ထွက်နေတဲ့ အဘတိုင်းမှူး ဒေါသက ငပွေးအပေါ် အချိန်မရွေး ကျလာနိုင်တယ်မို့လား။

“ငါ ဒီကောင်ပြောသမျှ မြန်မာ့အသံကနေ ထိုင်နားထောင်နေတာကွ၊ ဒီမအလတကောင်တော့ ရူးနေတာ သေချာပါပြီကွာ”

“မဟုတ်တာ အဘရယ်၊ နစကရဲ့ ခေါင်းဆောင်ကြီးကို”

“ဒီမယ်ငပွေး၊ မင့်စဉ်းစားကြည့်၊ သူ စတက်လာကတည်းက လျှပ်စစ်ရထား၊ လျှပ်စစ်ရထားနဲ့ စတယ်ကွာ၊ အဲ .... သူလည်း လေလုံးထွားပြီးရော ပျက်လိုက်တဲ့ လျှပ်စစ်မီး။ အောင်ဆန်းကွင်း ရောက်သွားပြန်တော့ အိုလံပစ်ပွဲတွေ လက်ခံနိုင်တဲ့ ကွင်းကြီးဖြစ်အောင် အဆင့်မြှင့်ရမယ်တဲ့၊ အိုလံပစ်ပွဲဆိုတာ ချမ်းသာပြီး လုံခြုံရေး အပြည့်အဝပေးနိုင်တဲ့ နိုင်ငံတွေမှ ကျင်းပနိုင်တာကွ၊ စင်ကာပူတို့ ထိုင်းတို့တောင် မလုပ်နိုင်သေးဘူး၊ သူက အိုလံကို ပစ်ချင်သေးသတဲ့ .... ထွီ”

ဒီတခါတော့ ဟိုဘက်လှည့် ထွေးသွားလို့ တော်သေးတာပေါ့။

“စစ်အာဏာရှင်တိုင်း အရူးချည်းပါပဲ ... အဘရာ”

“အေး ဟုတ်သကွ၊ နို့ပေမဲ့ အရူးဒီဂရီတော့ မတူဘူးဟ၊ မအလက ပိုတယ်”

“ဘယ်သူ့ထက် ပိုတာလဲ”

“သန်းရွှေထက်ပိုတာပေါ့ဟ၊ သန်းရွှေ နိုင်ငံကို သေနတ်မိုးပြီး အုပ်ချုပ်သွားတာ နှစ်ပေါင်း ၂၀၊ ဒီနှစ်ပေါင်း ၂၀ အတွင်းမှာ သန်းရွှေအသံကို ဘယ်ပြည်သူမှ မကြားဖူးဘူးကွ၊ မင့်သတိထားမိလား၊ သူ့တပ်တွေအတွင်း ပြောရင်ပြောမယ်၊ ပြည်သူတွေကြားအောင် သိအောင် ရေဒီယိုတွေ တီဗွီတွေကလည်း မပြောဖူးဘူး၊ ခင်ညွန့်ပဲ ပြောခိုင်းတယ်၊ နောက်ပြီး သူ့လက်ထက်မှာ ကြက်ဆူစိုက်ခင်းလို သောက်တလွဲ စီမံကိန်းတွေ လုပ်ခဲ့ပေမဲ့ ဝန်ကြီးတွေကတဆင့်ပဲ ညွှန်ကြားပြီး လုပ်ခိုင်းတာဟ၊ အဆဲခံထိရင် သက်ဆိုင်ရာ ဝန်ကြီးထိ သူရူးတာတော့ လူမသိ၊ အဲ့လို ဒိုင်လျှိုလေးနဲ့ နေတတ်တာကွ”

“အဲ .... အဲ့ဒါတော့ ဟုတ်သဗျ အဘ၊ မအလကတော့ လူသိရှင်ကြား အကုန်လျှောက်ပြောတာနှော”

“ပြောသမှ ယိုသူမရှက် မြင်သူရှက် ဆိုတာလိုကို ပြောတာကွ၊ ဒီလ ၁ ရက်နေ့က ပြောသွားတဲ့ နိုင်ငံတော်မိန့်ခွန်းမှာကိုကြည့်၊ စီးပွားရေးပြန်ထောင်အောင် လုပ်မယ်တဲ့၊ အလုပ်လုပ်သူတိုင်း ဝင်ငွေရစေရမယ်တဲ့ ..... ဟားဟား၊ ဒေါ်စိန်အေးသား ရူးပုံက အဲ့လို၊ ဘယ်သူက အလကားလုပ်ပေးနေတာရှိလို့ အလုပ်လုပ်သူတိုင်း ဝင်ငွေ ရရမယ်လို့ အာမခံနေတယ် မသိကွာ၊ သူများနိုင်ငံတွေက အနိမ့်ဆုံးလုပ်ခ ဘယ်လောက်ရရမယ်ဆိုပြီး တိုးမြှင့် သတ်မှတ်ပေးနေကြချိန်မှာ သူ့ အာမဘန္တေက အလုပ်လုပ်သူတိုင်း ဝင်ငွေရရမယ်တဲ့ ... ဟားဟားဟား”

“ဟုတ်ပါ့ဗျာ... သူမို့ ရောက်တဲ့နေရာ ဗောက်သောက်ကရောက် ပြောနေတာ”

“အဲ့ဒါ မန်ဒါလီဖင် ပါးစပ်တတ်ထားတာဟ”

“ဘာလဲအဘရ၊ မန်ဒါလီဖင်ဆိုတာက”

မန်ဒါလီဆိုတာက ဘဲမျိုးနွယ် အိမ်မွေးတိရစ္ဆာန်လကွာ၊ မန်ဒါလီဆိုတာက သွားရင်း လာရင်းကို ဖင်က မြေဩဇာမဖြစ်တဲ့ မစင်တွေ တဗျစ်ဗျစ် ထွက်ကျနေတာကွ၊ မအလ ပါးစပ်ကလည်း မန်ဒါလီဖင်ပဲပေါ့ကွာ”

“ဟား... ဟား ဟား။ ဟုတ်ပြီအဘရေ.... နားလည်ပြီဗျ၊ နောက်တပတ်မှ ပြန်လာခဲ့မယ် .... ပြန်ပြီဗျို့”

အပြန်လမ်းတလျှောက် ငပွေး စဉ်းစားလာတာက မန်ဒါလီဖင် ပါးစပ်ပေါက် တက်ချိတ်ထားသူရဲ့ စကားတွေကို စိတ်ရှည်သည်းခံ နားထောင်နေကြတဲ့ Non-CDM တွေရဲ့ ဝဋ်ကြွေး ဘယ်လောက်ကြီးသလဲ ဆိုတာပါပဲ။

သူရိန်မင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013