DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်ဘဝမှ ဗိသုကာပညာရှင်ဖြစ်လာသည့် နယူးဇီလန်ရောက် မြန်မာလူငယ်
DVB
·
August 18, 2022
ဒုက္ခသည်ဘဝမှ  ဗိသုကာပညာရှင်ဖြစ်လာသည့် နယူးဇီလန်ရောက် မြန်မာလူငယ်
1 / 6
Donate to DVB

ပစ်တိုင်းထောင်လို့ နာမည်ပေးထားတဲ့ မြန်မာလူငယ် တစ်ယောက်ရဲ့ ဗိသုကာဒီဇိုင်းဟာ အခုဆိုရင်  နယူးဇီးလန် ဗိသုကာ အသိုင်းအဝိုင်းမှာ လူသိများနေပါပြီ။

မြန်မာပြည်က အိမ်တွေမှာ တွေ့ရလေ့ရှိတဲ့ ပစ်တိုင်းထောင်ကို နိမိတ်ပုံယူပြီး ဒုက္ခသည် စခန်းတခုကို စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ အော့ကလန်တက္ကသိုလ်က မဟာဘွဲ့ရ မြန်မာလူငယ် မြင့်ဆန်းအောင်ရဲ့ ဗိသုကာလက်ရာဟာ နယူးဇီလန်မှာ တနိုင်ငံလုံးအဆင့် ဆုတခု ရရှိထားပြီး၊ ထိပ်တန်းဗိသုကာအသင်းရဲ့ ဆန်ခါတင်ဆုတစ်ခုအဖြစ် ရွေးချယ်ခံထားရပါတယ်။

မြင့်ဆန်းအောင်ဟာ ဖခင်ဖြစ်သူ ကျောင်းသားတပ်မတော် (ABSDF)  ရဲဘော်ဟောင်း ဦးမြင့်အောင်၊ မိခင်ဒေါ်နီနီစမ်းတို့နဲ့အတူ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းကနေ ၂၀၁၁ ခုနှစ် သူ့အသက် ၁၂ နှစ်အရွယ်မှာ  နယူးဇီလန်နိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့ပါတယ်။ နယူးဇီလန်မှာ ကျောင်းတက်ခွင့်ရတဲ့အချိန်မှာ ဗိသုကာ ပညာရပ်ကို စတင်သူ စိတ်ဝင်စားခဲ့ပါတယ်။

အခုသူ့အသက် ၂၄ နှစ်ရှိပါပြီ။ ဒါပေမဲ့ လူမှန်းသိတတ်စအရွယ်က သူတက်ခဲ့ရတဲ့ ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းလေး ဆုပေးပွဲနေ့မှာ ပြိုကျသွားတာကို သူ အခုထိ သတိရနေပါတယ်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေဟာ အပြင်ထွက် အလုပ်လုပ်ခွင့်မရဘဲ၊ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ ထောက်ပံ့ကြေး၊ ရိက္ခာနဲ့ အသက်ရှင်နေထိုင်ကြရပါတယ်။

ဒီအဖြစ်အပျက်တွေကို ငယ်ဘဝ မှတ်ဉာဏ်ထဲ စွဲနေတဲ့ မြင့်ဆန်းအောင်က ဖန်တီးပုံဖော်ထားတဲ့ ဒုက္ခသည်စခန်းမှာ လူတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ စနစ်တကျ စိတ်ကူးထားတဲ့ စေတနာကို တွေ့နိုင်ပါတယ်။

ဒီစိတ်ကူးဟာ သူ့ရဲ့ ငယ်ဘ၀ အတွေ့အကြုံတွေအပေါ် အခြေခံထားတယ် ဆိုပေမဲ့ ဒီနေ့ ကမ္ဘာ့မှာ စစ်ကြောင့် အိုးအိမ်စွန့်ခွာရသူ သန်းပေါင်းများစွာအတွက်လည်း ရည်ရွယ်တာပါ။

ပစ်တိုင်းထောင်ဟာ မနှစ်တုန်းက New Zealand Institute of Architects ဗိသုကာအသင်းက ပေးအပ်တဲ့ နယူးဇီလန် တနိုင်ငံလုံးက ဗိသုကာကျောင်းသားတွေရဲ့ လက်ရာတွေထဲမှာ အကောင်းဆုံးအဖြစ် ရွေးချယ်ခံရပါတယ်။ အခုလည်း နယူးဇီလန်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဒီဇိုင်း အသင်း Designers Institute of New Zealand  က ရွေးချယ်ထားတဲ့ အကောင်းဆုံး ဒီဇိုင်း လက်ရာတွေထဲမှာ  ဆန်ခါတင်စာရင်း ဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာပြည်မှာတော့  တက္ကသိုလ်တွေအပါအဝင်၊ ပညာရေးစနစ်တခုလုံး ကမောက်ကမ ဖြစ်နေပါတယ်။ မြန်မာပြည်ကို တခေါက်ပဲ ပြန်ရောက်ဖူးတဲ့ မြင့်ဆန်းအောင်က မြန်မာဗိသုကာကျောင်းသားတွေနဲ့ အွန်လိုင်းပေါ်မှာ အခု ပုံမှန်အဆက်အသွယ် လုပ်နေပါတယ်။ သူ့ရဲ့ ပညာရေးအတွေ့အကြုံတွေကို မျှဝေပေးသလို၊ မြန်မာပြည်က ကျောင်းသားတွေဆီကနေလည်း သင်ယူနေတယ်လို့ ပြောပါတယ်။ မြန်မာပြည်ကို သူ့နည်းသူဟန်နဲ့ ကူညီဖို့ ကြိုးစားနေတဲ့ သားအတွက် မြင့်ဆန်းအောင်ရဲ့ မိဘနှစ်ယောက်စလုံးက ဂုဏ်ယူနေကြပါတယ်။

မြင့်ဆန်းအောင်ကတော့ ဆုရတာဟာ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်သလို၊ မြန်မာပြည်နဲ့ မြန်မာကျောင်းသားတွေရဲ့ ပါရမီနဲ့ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်တဲ့ အခွင့်အရေးအဖြစ် ယုံကြည်နေပါတယ်။ မြန်မာပြည်က ပုဂံခေတ် ဗိသုကာ လက်ရာတွေ အပါအဝင် ရှေးဟောင်း ဗိသုကာလက်ရာတွေကို လေ့လာဖို့လည်း သူက မျှော်လင့်နေပါတယ်။

Photo Credit- nzia.co.nz

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013