DVB Logo
Home
မြန်မာသတင်း
Kpay နှင့် Wave Money အသုံးပြု ငွေသွင်း ငွေထုတ်သူများကို မှတ်ပုံတင်တောင်းပြီး CCTV မှတ်တမ်းယူနေ
DVB
·
August 18, 2022
Kpay နှင့် Wave Money အသုံးပြု ငွေသွင်း ငွေထုတ်သူများကို မှတ်ပုံတင်တောင်းပြီး CCTV မှတ်တမ်းယူနေ
Donate to DVB

မြန်မာပြည်တွင်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့  Kpay နဲ့ Wave Money တို့နဲ့ ငွေပေးငွေယူလုပ်ရာမှာ အေးဂျင့်ဆိုင်တွေက မှတ်ပုံတင်တောင်းတာအပြင် CCTV ကင်မရာကနေ ဓာတ်ပုံချောင်းရိုက်နေလို့ အခက်အခဲဖြစ်ရတယ်လို့  ငွေသွင်း ငွေထုတ်သူတွေက  ပြောပါတယ်။

Wave Money ကနေ ငွေသွင်းငွေထုတ်လုပ်ရာမှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်က စတင်ကာ မှတ်ပုံတင်ပေးရပြီး မပေးပါက ငွေသွင်းငွေထုတ်လုပ်လို့မရဘူးလို့ စက်ရုံအလုပ်သမားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကဒီအတိုင်းလွဲနေတာ wave money က ပြီးခဲ့လကတည်းက  မှတ်ပုံတင်တောင်းတာ မပါရင်မရဘူး။ မှတ်ပုံတင် မရှိတဲ့သူတွေဆို ဘယ်လိုလုပ်မလဲ”လို့ ပြောပါတယ်။

KBZ Pay ကနေ ငွေထုတ်ရာမှာ သြဂုတ် ၁၆ ရက်ကတင် မှတ်ပုံတင်တောင်းပြီး  CCTV နှစ်လုံးကို တပ်ထားတယ်လို့ Online Shop လုပ်ငန်း  လုပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“အရင်က မှတ်ပုံတင်မတောင်းဘူး။ အခုမှတောင်းတာ ဘာကြောင့်လဲ မသိဘူး။ အဲဒီထက်ဆိုးတာ ငွေသွင်းငွေထုတ်လုပ်တဲ့ ကောင်တာတည့်တည့်မှာ ကင်မရာတစ်လုံး၊ မှတ်ပုံတင်ပြရတဲ့ နေရာတည့်တည့်မှာ တစ်လုံး၊ အဝင်အထွက်နေရာမှာတစ်လုံး၊ သုံးလုံးတပ်ထားတာ မသိရင် ငွေသွားလွှဲတာ ရဲစခန်းရောက်နေသလိုပဲ”လို့ ပြောပါတယ်။

ငွေသွင်းနဲ့ ငွေထုတ်သူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်းစတဲ့ အချက်အလက်တွေကို အပြည့်အစုံ ရယူထားရမယ်လို့ ညွှန်ကြားထားလို့ အခုလို လုပ်ဆောင်ရတယ်လို့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်(Agent) တစ်ဦးက ပြောပါတယ်။

“Wave Money အရင်တောင်းတာ ပြီးမှ K pay က လုပ်တာ။ အဲဒီလို မှတ်ပုံတင်တောင်းလို့ တခါက ဆေးရုံစရိတ်ကိုလာလွှဲတဲ့ အမျိုးသမီးကြီးတစ်ဦး မှတ်ပုံတင်မရှိလို့ ငွေမလွှဲလိုက်ရဘူး။ ဆေးရုံမှာ ဆုံးသွားတယ်။ စိတ်မကောင်းလိုက်တာဗျာ။ တကယ့်ရိုးသားတဲ့သူတွေခံရတာ”လို့ ပြောပါတယ်။

ငွေသွင်းငွေထုတ်လုပ်ရာဆိုင်တွေမှာ CCTV တွေကို  တပ်ဆင်ခိုင်းတဲ့ကိစ္စ ပြဿနာ မဟုတ်ပေမဲ့ ငွေသွင်းငွေထုတ်လုပ်ရာမှာ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတောင်းတာ လက်တွေ့မှာ မလွယ်ကူဘူးလို့ Wave Money  Agent တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက် ငွေလာလွှဲတဲ့သူကို မှတ်ပုံတင်တွေ၊ နေရပ်လိပ်စာတွေ၊ ဘာကြောင့်လွှဲမလို့လဲ မေးတာ ပြဿနာတက်တယ်။ ခင်ဗျားက ဘာကောင်မို့ မေးတာလဲ၊ တရားခံမဟုတ်ဘူးဗျဆိုပြီး ဆဲဆိုပြီး ထွက်သွားတယ်။ ကိုယ့်ကို မထိုးသွားတာတောင် ကံကောင်းတယ်”လို့ သူ ကြုံတွေ့ရတာကို ပြောပါတယ်။ 

Kpay နဲ့ Wave Money ဆိုင်တွေအနေနဲ့ လျှို့ဝှက်ကင်မရာ (CCTV) တပ်ဆင်ဖို့နဲ့ ငွေသွင်း၊ ငွေထုတ် လာလုပ်သူတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားဖို့ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာကို ရေးမှတ်ထားဖို့ အချက် ၁၀ ချက်ပါ ညွှန်ကြားချက်ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

ဒီလိုလုပ်တာဟာ ငွေကြေးခဝါချမှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ငွေကြေးမထောက်ပံ့နိုင်အောင် စစ်ကောင်စီက လုပ်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒါက ဦးနေဝင်းတို့ ဦးသန်းရွှေတို့လက်ထက်မှာ ကျင့်သုံးတဲ့ ဖြတ်လေးဖြတ် စနစ်မျိုး။ ပြည်သူလူထုက ပြည်သူ့အစိုးရနဲ့ PDF တွေကို ယုံကြည်အားကိုးပြီး တော်လှန်ရေးကြီး အောင်မြင်အောင် ထောက်ပံ့တာတွေ ပံ့ပိုးတာတွေကို စစ်တပ်က မလိုချင်တာ။ အဲဒီလိုလုပ်လိုက်ရင် ထောက်ပံ့မှုရပ်သွားမယ်။ အင်အားချည့်နဲ့သွားမယ်ဆိုတဲ့ ပုံစံမျိုး အဲဒီလိုလုပ်တာ တကယ်မြေပြင်မှာ ထိခိုက်တာ အခြေခံလူတန်းစားတွေ ထိခိုက်မှာ၊ အဲဒီလိုနည်းမျိုးနဲ့ တော်လှန်ရေးကို ပုံဖျက်လို့ မရဘူး”လို့ သုံးသပ်ပြောဆိုပါတယ်။

ဗဟိုဘဏ်က ညွှန်ကြားချက်ထဲမှာတော့ ငွေသွင်းငွေထုတ်ရာမှာ မှတ်ပုံတင်ပေးရမယ့်အပြင်  Kpay နဲ့ Wave Money  တွေ စတင်သုံးစွဲမယ့်သူတွေလည်း  အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ၊ ဖုန်းနံပါတ်နဲ့ ဓာတ်ပုံတွေ ပြည့်စုံမှသာ ဖွင့်လှစ်ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013